ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာက အကျယ် ပေ ၅၀၀၊ အနက် ပေ ၁၀၀ ရှိ ရေပြည့်နေတဲ့ကန်ထဲ ရေဆင်းကူးပြီး ရေနစ်သေဆုံးသွားတဲ့ အသက် ၂၀ အရွယ် အမျိုးသမီး ၂ ဦးကို ဆယ်ယူရရှိပြီလို့ ပုလဲမြို့နယ် အရန်မီးသတ်ဌာနကနေ သိရပါတယ်။
သေဆုံးသူ အမျိုးသမီး ၂ ဦးဟာ မတ် ၆ ရက် ညနေ ၄ နာရီကတည်းက ရေထဲနစ်မြုပ်သွားတာဖြစ်ပြီး မတ် ၇ ရက် မနက် ၉ နာရီ ၃၅ မိနစ်နဲ့ ၁၀ နာရီ ၁၅ မိနစ်တို့မှာ ရှာဖွေဆယ်ယူနိုင်ခဲ့တာပါ။
ပုလဲမြို့နယ် အရန်မီးသတ်ဌာန တာဝန်ရှိသူက “သူတို့က မနေ့က ၄ နာရီလောက်ကတည်းက ရေနစ်ပျောက်ဆုံးတာပေါ့။ သူတို့ မှော်ဘီမီးသတ်ဌာနကို အကူအညီတောင်းတာ၊ လာရှာပေးချိန်မှာ အလောင်း ၂ လောင်းကို မတွေ့ဘူးပေါ့။ ဒီနေ့မနက်မှာ အကူအညီ တောင်းလာတော့ ရှာဖွေကယ်ဆယ်ရေးကို မနက် ၈ ခွဲလောက်မှာ စလုပ်တယ်၊ ကန်က မြေကြီးတွေတူးထားပြီး ရေဝင်နေတဲ့ ကန်အသေပါ။ ဆင်းဆင်းချင်းကို ပေ ၃၀ လောက် နက်တယ်။ ကန်အလယ်မှာ ပေ ၁၀၀ ကျော်ပါတယ်။ ၉ နာရီ ၃၅ မှာ ပထမဆုံး အလောင်းစတွေ့တယ်။ ၁၀ နာရီ ၁၅ မှာ နောက်ထပ်တလောင်းကို ထပ်တွေ့တယ်။ သေဆုံးသူ အမျိုးသမီး ၂ လောင်းကို ပြင်ပဒဏ်ရာမရှိနဲ့ တွေ့ရှိပါတယ်။ သေဆုံးသူတွေကို မှော်ဘီဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။
ရေနစ်သေဆုံးသူ အမျိုးသမီး ၂ ဦးစလုံးဟာ ရွှေပြည်သာမြို့နယ်က အလှပြင်ဆိုင်တခုမှာ ဝန်ထမ်းလုပ်ကိုင်နေသူတွေဖြစ်ကြပြီး တဦးက မြိတ်ဇာတိလို့ သိရပါတယ်။
လက်ရှိမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိထားပြီး ရုပ်အလောင်းတွေကို မှော်ဘီဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။