ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲက စမမ်းကြီးကျေးရွာနားမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ၅ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၃ ရက် ညပိုင်းက စမမ်းကြီးကျေးရွာအနီးမှာ အမျိုးသား ၅ ဦး လိုက်ပါလာတဲ့ ကားတစီးကို PDF လို့ သတင်းရရှိခဲ့တဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ အမျိုးသား ၅ ဦးနဲ့အတူ စီးနင်းလာတဲ့ကားထဲက MK-12 ၃ လက်၊ FGC-9 ၉ လက်၊ လက်လုပ်ရိုင်ဖယ် ၅ လက်၊ ကျည် ၁,၆၄၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၀ ခု၊ လက်လုပ်မိုင်း ၈ လုံး၊ လက်ပစ်ဗုံး ၇ လုံး၊ ယမ်းပျော့ ၁၅ ထုပ်၊ ဖျုစ် ၁၂ ချောင်း၊ စနက်တံ ၁၀၀၊ စနိုက်ပါပြောင်း ၂ ခု၊ ယမ်းကြိုး ၂ ပေ၊ အိုင်ကွန်-အားသွင်းခုံတစုံ၊ ဆားကစ်ပြား ၁၉ ခု၊ လည်တိုဖိနပ် ၅ ရံ၊ လွယ်ကြိုး ၂ ချောင်း၊ ပြောက်ကျားအင်္ကျီနဲ့ ဘောင်းဘီ ၃၄ ထည် ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ပုံနဲ့တကွ ဖော်ပြထားပါတယ်။
စစ်ကောင်စီဖမ်းဆီးလိုက်တဲ့ အမျိုးသား ၅ ယောက်နဲ့ လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ထုတ်ပြန်ထားတာမျိုး မရှိတဲ့အတွက် ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာလည်း ရေတာရှည်မြို့နယ်၊ စည်ပင်သာယာလမ်းဆုံနားမှာ ရေတာရှယ်ရှားလော့အဖွဲ့က PDF ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး စခန်းငယ်တချို့ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းတာ ခံရတဲ့အတွက် လက်နက်ခဲယမ်းဆုံးရှုံးမှု ရှိခဲ့ဖူးပါတယ်။