မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
တရုတ်အထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံးမှာ မတ်လ ၆ ရက်က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တွေ့ဆုံရာမှာ နယ်စပ်ဒေသနဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေတဲ့ကိစ္စ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက ပါဝင် ကူညီဆောင်ရွက်နေတဲ့ကိစ္စနဲ့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုကိစ္စ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးနဲ့ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက်ကောင်းမွန်ရေး၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက် မြှင့်တင်ဖို့ကိစ္စတွေအပြင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေ၊ နိုင်ငံတကာ ရေးရာကိစ္စတွေနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီသတင်းမှာ ဖော်ပြပါတယ်။
တရုတ်အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သလို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း မြန်မာပြည်မြောက်ပိုင်းရှိ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဌာနချုပ်တွေကို သွားရောက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ အတိအကျမသိရပေမဲ့ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က နိုင်ငံခြားရေးရုံးဖွင့်တဲ့ကိစ္စ တရုတ်အစိုးရက သိပ်မကြိုက်တဲ့အကြောင်း တရုတ်ကိုယ်စားလှယ်က ပြောခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Photo- CINCDS