ချင်းပြည်နယ်၊ ဟားခါးမြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့ကို ပွဲစားနဲ့လုပ်ပါက ကျပ် ၄ သိန်းခွဲပေါက်ဈေးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ပြန်ဖွင့်ပေးတဲ့ အဲဒီပတ်စ်ပို့ရုံးမှာ ပတ်စ်ပို့လုပ်ပါက ဘိုကင်ယူပြီး လုပ်ဆောင်ရမှာဖြစ်ပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် ပွဲစားနဲ့ လုပ်သူများလာပြီး ပွဲစားတွေ ကြီးစိုးလာနေတယ်လို့ သိရပါတယ်။
ဟားခါးမြို့ပေါ်က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့ လာလုပ်သူတွေဟာ ပုံမှန် ကျသင့်ငွေ ကျပ် ၃၅၀၀၀ သာရှိပေမဲ့ ဟားခါးဒေသခံတွေသာမက စစ်ကိုင်းတိုင်းနဲ့ တခြား နယ်ဝေးက နေရေးထိုင်ရေး အခက်အခဲရှိသူနဲ့ မအားလပ်ဘဲ အချိန် မပေးနိုင်တဲ့သူတွေ လာလုပ်ကြတာကြောင့် အခုလို့ ပွဲစားတွေ ကြီးစိုးကာ ကုန်ကျစရိတ် ကြီးနေတာပဲ ဖြစ်ပါတယ်။
ဒေသခံ တဦးက "စာအုပ်လာလုပ်တဲ့သူတွေ အများကြီးပဲ။ အခု လာလုပ်ကြတာက ကလေး၊ တမူး နဲ့ စစ်ကိုင်းတိုင်းဘက်က သူတွေပါ ပါကြတယ်။ စားစရိတ်ငြိမ်းအပြီး ပွဲစားတွေကို ၄ သိန်းခွဲ ပေး ရတယ်။ ဒီမှာတော့ ပွဲစားတွေ တအားလုပ်စားလာကြတယ်။"လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဟားခါးမြို့နယ် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ တစ်ရက်ကို လူ ၁၀၀ လက်ခံလုပ်ပေးနေပြီးတော့ အပတ်စဉ် တနင်္လာနေ့မှ သောကြာအထိ နံနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီအထိ လျှောက်ထားနိုင်ပြီး အစိုးရရုံးပိတ်ရက်တွေမှာတော့ နေ့တစ်ဝက်သာ လုပ်ပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Chin Word