ရန်ကုန်တိုင်း တွံတေးမြို့နယ် ပေါက်ကုန်းကျေးရွာ ရဟန်းရှင်ပြုအလှူပွဲမှာ မတ် ၃ ရက် ည ၃ နာရီလောက်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကုန်းရွာက အလှူပွဲကို ရောက်လာတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ကို သေနတ်သမား နှစ်ယောက်က ပစ်ခတ်ခဲ့ရာ နေရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ဆိုင်ကယ်နဲ့လာပြီး ပစ်သွားတာ။ အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးတွေနဲ့ စကားပြောနေတဲ့အချိန် လာပစ်တာ။ ထွက်ပြေးတဲ့သူက မထိဘူး၊ အုပ်ကြီးနဲ့ရာအိမ်မှူးက သေသွားတယ်။"
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတွေ ရောက်လာပြီး အလှူအိမ်မှာရှိတဲ့ လူအချို့ကို စစ်ဆေးခဲ့ကာ သေဆုံးသူတွေကို တွံတေးမြို့နယ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီနေ့ ပြုလုပ်တဲ့ ရဟန်းခံရှင်ပြုပွဲမှာ စစ်ကောင်တပ်နဲ့ရဲတွေဟာ ပေါက်ကုန်းကျေးရွာနဲ့အနီးတဝိုက် လာရောက်စောင့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်မှာ ဖေဖော်ဝါရီက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိပါတယ်။