မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၀၈၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၉၈၂ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၁၂၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၄,၇၄၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၃၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီလောက်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ ခေါင်းအိကျေးရွာအုပ်စုကို ဖယ်ခုံမြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်ဟာ ခေါင်းအိကျေးရွာအုပ်စုထဲက ကျေးရွာတရွာရဲ့ ဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ညီအစ်ကို ၂ ယောက် သေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၈ တရက်တည်းမှာပဲ ည ၁၀ နာရီလောက်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာမှာ နေထိုင်တဲ့ ကိုစိုးသူဝင်း၊ ကိုဖိုးအေး၊ ကိုမောင်မောင်နဲ့ မခင်ယုမွန်တို့ ၄ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေက ဆိုင်ကယ်နဲ့ လာရောက်ဖမ်းဆီးခဲ့ပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့ကာ ရုပ်အလောင်းတွေကို လေးရွာဆုံ ကျေးရွာနဲ့ ဗလုံးကျေးရွာကြားက လမ်းဘေးမှာ စွန့်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသူတွေဖြစ်တဲ့အပြင် အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ရော နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုရော သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။