Home
မြန်မာသတင်း
လူမျိုးရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုနောက်ကျဟု စစ်ခေါင်းဆောင်ပြော
DVB
·
March 3, 2023
323415316_524890239549908_5771052156871582902_n

ရခိုင်ပြည်နယ်၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာဟာ လူမျိုးရေးပဋိပက္ခတွေကြောင့် ဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၁ ရက် က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

အရင်က ရခိုင်ပြည်နယ်မှာ အုပ်ချုပ်မှုစနစ်နဲ့ ပညာရေးအားကောင်းခဲ့ပေမဲ့ မူဂျာဟစ် သောင်းကျန်းသူတွေနဲ့ ဒေသတွင်း လူမျိုးရေးပဋိပက္ခတွေစတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် ရခိုင်ပြည်နယ်ဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ နောက်ကျခဲ့ရတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ဒေသခံတွေဟာ ခေတ်အဆက်ဆက် အစိုးရတွေကို ရင်းနှီးနားလည်မှု နည်းပါးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီလက်ထက်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦး အရေးကြီးတဲ့ လမ်းပန်းဆက်သွယ်ရေး တိုးတက်ရေးကို အဓိက လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ် ကွက်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်း တပ်ဖွဲ့တွေ အနေနဲ့လည်း တိုက်ခိုက်ရေးစွမ်းရည် ပြည့်ဝနေဖို့နဲ့ စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ အနောက်ဘက်အခြမ်းကို လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်တာတွေ ရှိနေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ရခိုင်ပြည် ခရီးစဉ်ဟာ ရခိုင်ပြည်သူအကျိုးထက် စစ်တပ်ရဲ့ အကျိုးအတွက် ဖြစ်တယ်လို့ ရခိုင်နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။

အစိုးရအဆက်ဆက်ဟာ ရခိုင်ပြည်ကို ဖွံဖြိုးတိုးတက်ရေးခေါင်းစဉ်နဲ့ ပြည်သူတွေကို ဆွယ်ပေမဲ့လည်း လက်တွေ့မှာ ဘယ်စီမံကိန်းမှ အကောင်အထည်ပေါ်ခဲ့တာ မရှိဘူးလို့ ရခိုင်ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ပြည်သူလွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“ရခိုင်ပြည်သူတွေကတော့ အစိုးရအသစ်တခု တက်လာတိုင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အတွက် လုပ်ပေးလိမ့်မယ်လို့ စိတ်ဆန္ဒတွေကတော့ ရှိကြပါတယ်။ အစိုးရခေါင်းဆောင်တွေကလည်း ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြည်သူတွေကို စည်းရုံးတယ်၊ အခွင့်အရေး အခွင့်အလမ်းတွေနဲ့ မဲဆွယ်သလို ဆွယ်တယ်ပေါ့၊ ဝါဒဖြန့်တာပေါ့။ ဒါ‌ပေမဲ့ လက်တွေ့မှာကျတော့ ဘယ်စီမံကိန်းမှ အကောင်အထည်မပေါ်ခဲ့ဘူး။ ဥပမာပြောရရင် စိုင်းဒင်စီမံကိန်းတို့ ပုဏ္ဏားကျွန်း စက်မှုဇုန်တို့ ကျောက်ဖြူ စက်မှုဇုန်တို့ အဲလိုပေါ့၊ ပလန်တော့ဆွဲတယ်၊ ဒါပေမဲ့ မဖြစ်လာခဲ့ဘူးပေါ့၊ အဲလို အခြေအနေမျိုးတွေရှိတယ်။ အခု စစ်ကောင်စီဥက္ကဋ္ဌ ခရီးစဉ်မှာလည်းပဲ သူ့အနေနဲ့ အဲလို မစားရ ဝခမန်းပေါ့၊ ပြည်သူတွေကို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ပေးမှာတို့ စည်းရုံးတယ်၊ မဲဆွယ်တယ်ပေါ့။ ပြီးတော့ လုပ်ငန်းရှင်တွေနဲ့တွေ့ပြီးတော့ အကူအညီပေးမလိုလို ပြောခဲ့တာတွေကို ကျနော်တို့ ကြားရတယ်။ ဒါ‌ပေမဲ့ လက်တွေ့မှာ သူပြောသလို ရခိုင်ပြည်နယ်ရဲ့ အခွင့်အလမ်းတွေ ဖြစ်လာမလား မဖြစ်လာဘူးလား ဆိုတာတော့ ကျနော်တို့အနေနဲ့ လုံးဝသံသယရှိတယ်။ အရင်လည်း အဲလိုလုပ်ခဲ့တဲ့ နမူနာတွေ ရှိတဲ့အတွက် ရခိုင်ပြည်နယ်ဟာ ရေခံမြေခံ ကောင်းပါလျက်နဲ့ ဒီနေ့အထိ ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်တခုဖြစ်နေတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့ အဓိက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြည်သူတွေကို စည်းရုံးပြီးတော့ ပြောဆိုနေတာကတော့ ဖြစ်လာမှပဲ ကျနော်တို့ ဟုတ်တယ်၊ မှန်ပါတယ်လို့ သုံးသပ်လို့ရလိမ့်မယ်။ အခုအချိန်မှာတော့ သူတို့ ပြောနေကြအတိုင်း လုပ်နေကြအတိုင်း လုပ်နေတယ်လို့ ကျနော်ကတော့ ပြောချင်တယ်။”

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်ကို ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး စစ်တွေတပ်နယ်ရှိ စစ်ကောင်စီတပ်သားတွေကို အမိန့်နာခံဖို့ ပြောကြားခဲ့တာတွေရှိသလို ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံကာ အိန္ဒိယ ရေနက်ဆိပ်ကမ်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွေကိုလည်း သွားရောက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024