Home
မြန်မာသတင်း
ကော့သောင်း၌ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်၊ နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံး
DVB
·
March 3, 2023
328452757_145194461764458_315333791813094399_n

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း ၅ ကြိမ်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ အများအပြား ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွေကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားလေ့သိပ်မရှိတဲ့ ကော့သောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က မာရမ်းကျေးရွာဘက်ကို စစ်ကား ၂ စီး၊ အင်အား ၆ဝ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

‌ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ကော့သောင်းမြို့နယ် ဝိုင်ဒင်းကျေးရွာကို စစ်‌ကောင်စီအင်အား ၁၇ဝ ကျော်က စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး များခဲ့သလို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရှမ်းကိုးရွာက ပြည်သူ ၁၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တဦးက “လောလောဆယ် တိုက်ပွဲ ပထမအကြိမ်ဖြစ်ပွားပြီး တပ်ဦးမြိုင်၊ ဝိုင်ဒင်း၊ အေးမြသာယာရွာတွေကို ခေတ္တခန ထိန်းချုပ်ပြီး လှုပ်ရှားဆောင်ရွက် တာတွေလည်း ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း အရာရာ မပြည့်စုံတဲ့ကြားကနေ အကောင်းဆုံးဖြစ်အောင်တော့ ပြောက်ကျားစနစ်အတိုင်း ချုံခိုတိုက်ခိုက်ပြီး လှုပ်ရှားရမှာပါပဲ။ လောလောဆယ်တော့ စခတွေ ဒီနယ်မြေမှာ လှုပ်ရှားလိုက် ပြန်ဆုတ်လိုက် အနေအထားမျိုးတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မလိဝမ်းကျေးရွာက စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်မှာလည်း ဝိုင်ဒင်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  အယောက် ၂၀ အထိ သေဆုံးခဲ့ပြီး ၅၈ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲတွေကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁ နဲ့ ကော်သူးလေအာမီ ပြောက်ကျားတို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ရှမ်းကိုးရွာဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီကား ၂ စီးနဲ့ အင်အား ၃ဝ ခန့်ကို ဖော့သုတ်ကျေးရွာနားမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ ၁ ဦးနဲ့ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အနေနဲ့လည်း ဝိုင်ဒင်းကျေးရွာ၊ အေးမြမင်္ဂလာကျေးရွာနဲ့ တပ်ဦးမြိုင်ကျေးရွာတွေကို ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024