မြန်မာပြည်တွင်း စက်သုံးဆီဈေး မြင့်တက်မှုနဲ့အတူ အဝေးပြေးကားလက်မှတ်ခတွေ ဈေးကြီးမြင့်မှုကြောင့် နေပြည်တော်မှာ မီးရထားစီးသူ ပိုမိုများပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မီးရထားဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့လို့ ဝန်ထမ်း မလုံလောက်မှုကြောင့် ရထားပြေးဆွဲမှုတွေကို ရပ်တန့်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစတင်ပြီး ပြန်လည်ပြေးဆွဲခဲ့တာပါ။
လတ်တလောအချိန်မှာ စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ကားလက်မှတ်ခ ဈေးတွေ ကြီးမြင့်နေတဲ့အတွက် ရထားစီးသူ ပိုများလာတယ်လို့ နေပြည်တော် တပ်ကုန်းနေသူတဦးက ပြောပါတယ်။
“ကားခတွေက ဒီလောက်ဈေးကြီးနေတာ။ အရင်က နေပြည်တော်-ရန်ကုန် ၆,၅၀၀ ပဲရှိတယ်။ အခု ၁၈,၀၀၀/၂၀,၀၀၀၊ အသွားအပြန်ဆိုတော့ မစားသာဘူးလေ။ ရထားဈေးလည်း နည်းနည်းတက်တယ်ဆိုပေမဲ့ ကားခနဲ့စာရင် ထက်ဝက်လောက်ကွာဝောာ့ လူတွေက ရထားစီးတာ ပိုများလာတာပေါ့။”
ရထားတွေ ပြန်လည်ပြေးဆွဲနေပြီဆိုပေမဲ့ အရင်လို ရထားအစုံတော့ ပြေးဆွဲနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ နေပြည်တော်-ရန်ကုန်ကို အမှတ် ၆ အစုန် လေအိတ်အထူးအမြန်၊ အမှတ် ၄ အစုန် အမြန်ရထား၊ အမှတ် ၂ အစုန် စာပို့ရထားတို့နဲ့ တနေ့ ၃ ကြိမ် ပြေးဆွဲနေပြီး နေပြည်တော်-မန္တလေးကိုလည်း အမှတ် ၅ အစုန် လေအိတ်အထူးအမြန်၊ အမှတ် ၃ အစုန် အမြန်ရထား၊ အမှတ် ၁ အစုန် စာပို့ရထားတို့နဲ့ ပြေးဆွဲနေတယ်လို့ သိရပါတယ်။