ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကို ရုံးအတွင်း ထိုးကြိတ်ခဲ့တယ်လို့ ထိုးကြိတ်ခံခဲ့ရတဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သာမောင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် ည ၈ နာရီလောက်က မြို့နယ်ထွေအုပ်ရုံးမှာ အိမ်ထောင်စုစာရင်း ကောက်ယူထားတဲ့ စာရင်းတွေကို ဝန်ထမ်းတွေနဲ့ ပြုလုပ်နေစဉ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးက ထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဦးကျော်သာမောင်က “ဝန်ထမ်းတွေနဲ့အတူ ကျနော်က အိမ်ထောင်စုစာရင်း ကောက်ယူထားတဲ့ စာရင်းတွေကို လုပ်နေကြတာဖြစ်တယ်။ အဲဒီမှာ ကျနော်က ဝန်ထမ်းတွေ အလုပ်လုပ်နေကြတာကို ဗီဒီယိုမှတ်တမ်းတင်နေတုန်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက လာပြီးတော့ မင်း သတိထား၊ ဒါ နိုင်ငံတော်အလုပ်၊ မင်း ငါ့ကို ဘာမှလည်း သတင်းမပို့ဘူး။ ကျနော်ကလည်း အစ်ကိုကြီးက ကျနော့်ကို နှုတ်မိန့်နဲ့ ညွှန်ကြားထားတာမရှိဘူး။ ဒါကြောင့် အဖွဲ့ဝင်တွေနဲ့ သတင်းပို့ခိုင်းလိုက်တာလို့ ပြန်ပြောလိုက်တော့ ကျနော့်ကို အပြင်ကို ဆွေးနွေးမယ်လို့ ခေါ်သွားပြီးတော့ အမှောင်ရိပ်ထဲရောက်တာနဲ့ ကျနော့်ရဲ့မျက်နှာနဲ့ မျက်ခုံးထောင့်ကို ၂ ချက် ၃ ချက် ဆွဲထိုးလိုက်တယ်။ ကျနော် လဲမလိုဖြစ်သွားတော့ သူလက်ထဲမှာပါလာတဲ့ စမတ်ဖုန်းနဲ့ ထပ်ပြီး ၂ ချက်လောက် ခေါင်းကို ရိုက်တယ်” လို့ ပြောပါတယ်။
ထိုးကြိတ်ခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဦးကျော်သာမောင်ဟာ မျက်ခုံး၊ နားထင်နဲ့ ဒူးခေါင်းတွေမှာ ဒဏ်ရာတွေရသွားပြီး မြို့နယ်ဆရာဝန်ကြီးဆီ ဆေးခန်းသွားပြခဲ့ရတယ်လို့ ပြောပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမျိုးစိုးမိုးကိုတော့ ထိုးကြိတ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ကိုယ်ကျင့်တရားကို ညှိုးနွမ်းအောင် ဆောင်ရွက်မှုနဲ့ မင်းပြားမြို့မရဲစခန်းမှာ အမှုဖွင့်ထားပြီး ဆေးစာမရသေးတာကြောင့် ပုဒ်မတော့ မတပ်ရသေးဘူးလို့ သိရပါတယ်။
ထိုးကြိတ်ခဲ့တဲ့ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုး (၅၄ နှစ်) ဟာ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးတာဝန်နဲ့ ၂၀၂၁ ခုနှစ်က ရောက်လာတာဖြစ်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သာမောင်ကတော့ မင်းပြားမြို့နယ်မှာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတာဝန်နဲ့ ကျရောက်နေတာ ၄ ခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။
အခုကိစ္စနဲ့ပတ်သတ်ပြီး မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မင်းပြားမြို့မရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။