ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ထဲမှာ ဖေဖော်ဝါရီ ၂၇ ရက် မနေ့ညက ဗုံးပေါက်ကွဲမှု ၅ ကြိမ် ဖြစ်ပွါးပြီး အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့ည ၉ နာရီကျော်လောက်က မကာဟိုခမ်းရပ်ကွက်ဘက်ကနေ ကျယ်လောင်တဲ့ပေါက်ကွဲသံ ၄ ကြိမ်ကြားရကြောင်း၊ ည ၁၁ နာရီလောက်မှာ နောက်တကြိမ်ထပ်ကြားရကြောင်း၊ ကြံ့ခိုင်ရေးပါတီရုံးနဲ့ မြဝတီဘဏ်ရှေ့ လမ်းမအနီးမှာ ပေါက်ကွဲပြီး မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် အနည်းဆုံး ၃ ဦး ဒဏ်ရာရတယ်လို့ တာချီလိတ်မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညက ကျနော်တို့အိမ်ထဲမှာရှိနေတုန်းပေါက်ကွဲသံကြားရတယ်။ အသံက အကျယ်ကြီးပဲ ဝိန်းကျောက်ကနေတောင်ကြားရတယ်။ တကြိမ်နဲ့တကြိမ်က မိနစ် ၂၀ လောက်ခြားတယ်။ ပထမပိုင်းမှာ ၄ ခါ ည ၁၁ နာရီလောက်မှာ နောက်ထပ် ၁ ခါကြားတယ်။ ၅ ခါစလုံး အဲဒီကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးနားမှာပဲပေါက်တာ။ ပထမတကြိမ်ပေါက်ကွဲတာကို မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တပည့်တွေသွားစစ်ဆေးနေတုန်း ဗုံးထပ်ပေါက်လို့ ဒဏ်ရာရသွားတာပါ။ ဗုံးဆန်အစတွေ လွှင့်စင်တာမို့ ဒဏ်ရာတော့ မပြင်းထန်ဘူးလို့ သိရတယ်၊ ကျနော်တို့ သိရသလောက်တော့ ဒဏ်ရာရတာ ၃ ယောက်။”
နောက်ဒေသခံတစ်ဦးကတော့ ဒီမတိုင်ခင်ရှေ့က တာချီလိတ်ခရိုင်ရုံးမှာ ရှမ်းအရှေ့ ကြံ့ခိုင်ရေးပါတီ အစည်းအဝေးရှိခဲ့ကြောင်း၊ မနေ့ည ဗုံးပေါက်မှုမှာ ၅ ဦးဒဏ်ရာရပြီး အမျိုးသမီးတွေလည်းပါတယ်လို့ ပြောပါတယ်။
အဆိုပါဗုံးကွဲမှုတွေဟာ ဘယ်အဖွဲ့အစည်းရဲ့လက်ချက်လဲဆိုတာ မသိရပေမဲ့ တာချီလိတ်-မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတား ဖွင့်တာမကြာသေးဘဲ အရောင်းအဝယ်ပြန်ကောင်းဖို့ မျှော်လင့်နေတုန်းမှာဘဲ ခုလိုဗုံးပေါက်ကြောင့် တံတားပြန်ပိတ်သွားမှာ စိုးရိမ်ကြောင်းနဲ့ ဘယ်အဖွဲ့ပဲလုပ်လုပ် ပြည်သူတွေရဲ့ အခက်အခဲကို ထောက်ထားစေချင်တယ်လို့ ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အရှေ့ပိုင်းနဂါးအဖွဲ့ ကတော့ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်းနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦးထိခိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။