Home
မြန်မာသတင်း
ရခိုင်လူမျိုးများကိုသွေးခွဲပါက တိုက်ပွဲပြန်စမည်၊ စစ်ခေါင်းဆောင်၏ ရခိုင်ခရီးစဉ်ကို စောင့်ကြည့်နေဟု အေအေပြော
DVB
·
February 27, 2023
332876525_211913868019250_6337563342661085623_n

ရခိုင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲပြီးနောက် စစ်ကောင်စီတပ်က အင်အားနဲ့ ရိက္ခာဖြည့်တင်းတာတွေအပြင် ရခိုင်လူမျိုးတွေကို သွေးခွဲတာတွေ ဆက်လက်လုပ်ဆောင်နေပါက တိုက်ပွဲလမ်းကြောင်း ပြန်သွားရလိမ့်မယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မနက် ၁၀ နာရီက ပြုလုပ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ သတ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။

“ယာယီ အပစ်အခတ်ရပ်စဲထားတဲ့ ၃ လတာကာလမှာ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်အနှံ့မှာ စစ်အင်အားနဲ့ ရိက္ခာ အင်အားအလုံးအရင်း တိုးချနေတာတွေ ရှိနေတယ်။ နောက်ပြီး ရခိုင်ဒေသက မြို့နယ်၊ ကျေးရွာတွေမှာ အေအေကို မဆက်သွယ်ကြဖို့၊ ငွေကြေးမထောက်ပံ့ပေးဖို့ သွေးခွဲနေတာတွေ ရှိနေတယ်။ ဒီလိုလုပ်ရပ်တွေကို မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေပါက တိုက်ပွဲလမ်းကြောင်းကို ပြန်သွားရပါလိမ့်မယ်။”

စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေတဲ့မြို့တွေကတော့ မောင်တော၊ တောင်ကုတ်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး တို့ဖြစ်ပြီး ပြည်သူတွေအကြား အေအေမုန်းတီးရေး သွေးခွဲတာတွေ ပြုလုပ်နေသလို ရက္ခိုင့်တပ်တော်ကိုလည်း မတရားအသင်းအဖွဲ့အဖြစ် ဝါဒဖြန့်နေတာတွေ ရှိနေတယ်လို့ ခိုင်သုခ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်က စစ်တွေ၊ ရွှေမင်းဂံဆိပ်မှ မင်းပြားကို စစ်ကောင်စီရဲ့ ရေတပ်စစ်သင်္ဘော ၃ စီး၊ ဒီဇင်ဘာ ၅ ရက်မှာ ၄ စီးနဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ  ၄ စီးနဲ့ မင်းပြား ၃၇၉ တပ်ရင်းကို ရိက္ခာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ လာရောက်ပို့ဆောင်ခဲ့ကြောင်း မျက်မြင်ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အပစ်ရပ်ထားတဲ့  ၃ လအတွင်း စစ်ကောင်စီတပ်က စစ်တွေ ရွှေမင်းဂံရှိ ရေတပ်ဆိပ်ကမ်းကို အဓိကအသုံးပြုပြီး ရခိုင်ပြည်နယ်အနှံ့ရှိ မြို့တွေကို လက်နက်၊ ရိက္ခာ၊ စစ်သည် စတဲ့ စစ်အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့မှာ ရောက်ရှိနေချိန်အေအေက အခုလို သတင်းစာရှင်းပွဲကျင်းပတာဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ ရခိုင်ပြည်ခရီးစဉ်အတွင်းလုပ်ဆောင်ချက်တွေကို သေချာစောင့်ကြည့်နေတယ်လို့ခိုင်သုခက ပြောပါတယ်။

“SAC ဥက္ကဋ္ဌ ရခိုင်ပြည်ကို လာရောက်တဲ့အတွက် ရခိုင်ပြည်သူတွေအတွက် တစုံတရာ အကျိုးရှိသွားရင် အထူးဖြင့် ရခိုင်ပြည်မှာ လက်ရှိ ပိတ်ဆို့ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးသွားတယ်၊ သို့တည်းမဟုတ် ရခိုင်ပြည်သူတွေရဲ့ ဘဝပြန်လည်ထူထောင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် နေပြီးတော့ တစုံတရာ အထောက်အပံ့ဖြစ်တဲ့ကိစ္စတွေကို ဦးတည်ပြီးတော့ လာရောက်ပြီးတော့ တွေ့ဆုံတာမျိုးဆိုရင်တော့ ကျနော်တို့အနေနဲ့ ထွေထူးပြီး ပြောစရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပြည်သူတွေရဲ့ ပိတ်ဆို့ကန့်သတ်ထားတာတွေ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေက လွတ်မြောက်ဖို့အတွက် လာရောက်ပြီး လုပ်ဆောင်ပေးတာဆိုရင်တော့ ဒီကိစ္စက ကြိုဆိုရမယ့် ကိစ္စမျိုးလို့ ပြောလို့ရပါတယ်။ သို့သော်လည်း ဒီလိုမဟုတ်ဘဲ တခြား သူတို့ SAC ကို နိုင်ငံရေးအရနေပြီးတော့ နိုင်ငံတကာကနေပြီး အကောင်းမြင်လာအောင် ပုံစံမျိုး နောက်တခုက ရခိုင်ပြည်ဟာ လုံးဝတည်ငြိမ်အေးချမ်းနေတဲ့အတွက် သူ့အနေနဲ့ လာရောက်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမျိုး လာရောက်တယ်ဆိုပြီး ပုံစံနဲ့ လာရောက်တာမျိုးဆိုရင် ဆိုလိုချင်တာက အပြင်ပန်းက ကြေညာပြသွားပြီး အမှန်အကန် အကောင်အထည်မဖော်တဲ့ အဲလို ကတိကဝတ်မျိုး လုပ်ဆောင်မှုမျိုးဆိုရင်တော့ ပြည်သူတွေအတွက် တစုံတရာ အကျိုးရှိလာမှာ မဟုတ်ဘူး။ အဲဒါကြောင့် အခုလာရောက်တဲ့ကိစ္စကို ကျနော်တို့အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာဖြစ်လာမှာလဲ၊ သူဘာပြောပြီးတော့ ဘာလုပ်သွားမှာလဲ ဆိုတာကို ULA/AA အနေနဲ့ သေသေချာချာ စောင့်ကြည့်နေပါတယ်။”

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၂၆ ရက်မှာ စစ်တွေမြို့ကို ရောက်ရှိလာပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှာ အရာရှိမိသားစုတွေနဲ့ တွေ့ဆုံခဲ့ကာ အမိန့်နာခံကြဖို့ပြောဆိုခဲ့သလို ဒီနေ့ ၂၇ ရက်မှာလည်း စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ရခိုင်ပြည်နယ်က စီးပွားရေးသမားတွေနဲ့ တွေ့ဆုံပါတယ်။

စစ်ခေါင်းဆောင် ရောက်ရှိနေတာကြောင့် စစ်တွေမြို့မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချမှတ်ထားပြီး တချို့သွားလာခွင့် ကန့်သတ်နေရာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရခိုင်ဒေသမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် မောင်တောမြောက်ပိုင်းဒေသမှာ အေအေရဲ့ အုပ်ချုပ်ရေးယန္တရား ပိုပြီးကျယ်ပြန်လာတဲ့ဒေသတခုဖြစ်လာပြီလို့ ခိုင်သုခက ပြောပါတယ်။

“တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးမှ မောင်တောမြောက်ပိုင်းဒေသဟာ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရား အကျယ်ပြန့်ဆုံး ဖြစ်လာတယ်လို့ ပြောလို့ရတယ်။ နောက် ရခိုင်ပြည်နယ်ထဲက လက်လမ်းမီ စိုးမိုးထားတဲ့ နေရာတွေမှာလည်း အုပ်ချုပ်ရေးယန္တရား ကျယ်ပြန့်လာတာတွေ များစွာရှိပါတယ်။ သို့သော်လည်း ကိုယ့်ဘက်ကလည်း သြဇာသက်ရောက်မှုရှိပြီး သူတို့ဘက်ကလည်း သက်ရောက်မှုရှိတဲ့နေရာတွေ ရှိနေတာကြောင့် ကိန်းဂဏန်း ရာခိုင်နှုန်းအရ အတိအကျတော့ ပြောဖို့ခက်ပါတယ်။ သို့သော် လွန်ခဲ့တဲ့အကြိမ်ထက် အခု ယာယီ အပစ်အခတ်ရပ်စဲထားတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားနယ်မြေ ပိုကျယ်ပြန့်လာပြီး အရင်ထက်ပိုပြီး ခိုင်မာကျစ်လျစ် အားကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။”

အေအေအနေနဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာ သြဂုတ် ၃၀ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် ၄၀ နဲ့ စက်တင်ဘာ ၁၀ ရက်က မောင်တောမြောက်ပိုင်း ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်းရှိ ကြိမ်ချောင်း ၂၄ ဗျူဟာကင်းစခန်း ဖြစ်တဲ့ ခမရ ၃၅၂ တပ်စခန်းနဲ့ မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ) က သိမ်းပိုက်နိုင်ခဲ့ပြီး နယ်ခြားမှတ်တိုင် ၄၀ မှ ၅၃ အထိ စခန်းငယ်အများစုကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

“မောင်တောမြောက်ပိုင်းဒေသတလျှောက်မှာ အခြေချ တပ်စွဲထားတဲ့ နယ်မြေများဟာ ဘယ်သူနဲ့မှ သဘာတူညီချက် ရရှိထားတဲ့နယ်မြေတွေ မဟုတ်ဘူး။ တလက်မချင်း သွေးနဲ့ရင်းပြီး ရယူထားတဲ့ နယ်မြေတွေဖြစ်တယ်။ အဲဒီနေရာတွေမှာ ဘာလုပ်မယ်ဆိုပြီး မည်သူနှင့်မှ ဆွေးနွေးနေစရာလည်း မလိုအပ်ပါ။ ရက္ခိုင့်တပ်တော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကိုလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းအိမ်ရာတည်ဆောက်မှုကိစ္စ၊ တပ်အင်အားကိစ္စတွေကိုတော့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေ ဖြစ်တဲ့အတွက် ဖြေကြားဖို့ အခက်အခဲရှိပါတယ်”လို့ ခိုင်သုခက ဆိုပါတယ်။

အေအေအနေနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေကို ရခိုင်ပြည်တခုလုံး လွှမ်းခြုံနိုင်အောင် ကြိုးပမ်းနေတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

“အုပ်ချုပ်ရေးကဏ္ဍမှာ ကျနော်တို့အနေနဲ့ အာရက္ခ(ရခိုင်) ပြည်သူ့အာဏာပိုင်အဖွဲ့ကို အခိုင်အမာ တည်ဆောက်ပြီးတော့ စနစ်တကျ စီမံအုပ်ချုပ်နေတယ်။ အဲဒီအုပ်ချုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ မြေပြင်မှာ အမှားယွင်း နည်းပါးအောင်၊ ပြည်သူလူထု လုံခြုံမှု အပြည့်အဝရရှိလာအောင် ကျနော်တို့အနေနဲ့ အထက်အောက် ချိတ်ဆက်ပြီးတော့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေတယ်။ ကျနော်တို့ရဲ့ ယန္တရားထဲမှာ တာဝန်ထမ်းဆောင်နေတဲ့သူ အားလုံးဟာ ကျွမ်းကျင်ပြီးသား ပညာရှင်တွေ မဟုတ်တဲ့အတွက် အားနည်းချက်တွေ ရှိနေ‌ေပမဲ့လည်း ကျနော်တို့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဖြေရှင်းပေးနေတယ်။”

တရားစီရင်ရေးကဏ္ဍမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တည်းမှာ တရားရုံးတွေကို တိုင်တန်းလာတဲ့ အမှုပေါင်း ၅,၀၉၄ မှုရှိပြီး အဲဒီထဲမှာ တရားမမှု ၂,၈၆၄ မှုနဲ့ ရာဇဝတ်မှု ၂,၂၃၀ မှု ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက တရားမမှု ၂,၃၄၉ မှုနဲ့ ရာဇဝတ်မှု ၂,၁၂၆ မှု စုစုပေါင်း ၄,၄၇၅ မှုကို တရားဥပဒေနဲ့အညီ စီရင်ဖြေရှင်းပေးခဲ့ပြီး ဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

ခိုင်သုခက “လက်ရှိ ကျနော်တို့တရားရုံးတွေမှာ ၂၀၂၁ ခုနှစ်က အမှုလက်ကျန်နဲ့ပေါင်းရင် အမှုပေါင်း ၂,၉၆၄ မှုရှိပြီး အဲဒီထဲမှာ တရားမမှု ၁,၃၈၆ မှုနဲ့ ရာဇဝတ်မှု ၁,၁၂၈ မှု ဖြေရှင်းဖို့ ကျန်နေပြီး အမှုတချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေပေမဲ့လည်း အမြန်ဆုံး ဖြေရှင်းပေးနိုင်အောင် လုပ်ဆောင်နေပြီး ပြစ်မှုကျူးလွန်သူတွေကိုလည်း ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတအောင် စီမံဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

လက်ရှိအပစ်ခတ်ရပ်စဲထားပေမဲ့ ရွာနားတွေမှာ စစ်ကောင်စီက တပ်စွဲထားတာတွေ၊ မိုင်းအန္တရာယ် စိုးရိမ်ရတာတွေကြောင့် မြို့နယ်အသီးသီးက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်ဦးရေ ၆၆,၃၉၅ ယောက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဘေးရှောင်ပြည်သူ အများစုဟာ လက်ရှိမှာ ယာယီနေထိုင်တဲ့ အဆောင်တွေ ပြိုကျပျက်စီးပြီး ဖြစ်သလို နေထိုင်နေကြရကာ စစ်ကောင်စီကတော့ စစ်ဘေးရှောင် ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ပေးပြီး ပြည်သူတွေရဲ့ ဆန္ဒပါဘဲ အတင်းအဓမ္မ နေရပ်ပြန်ဖို့ ဖိအားပေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြည်သူ့လုံခြုံမှုနဲ့ လူမှုဘဝ အေးချမ်းရေးကို အာမခံချက်မပေးနိုင်ဘဲ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ လုပ်ဆောင်ခိုင်းတာဟာ ပြည်သူလူထုကို ပိုမိုအခက်အခဲဖြစ်အောင် လုပ်ဆောင်တာပဲ ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

လက်ရှိအချိန်မှာ NGO/INGO အဖွဲ့တွေက အထောက်အပံ့တွေ နည်းလာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ အပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေတဲ့အတွက် ဒုက္ခရောက်နေကြရတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပက လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024