Home
မြန်မာသတင်း
မြောက်ဥက္ကလာတွင် ဘုန်းကြီးပိုင်ကွန်ပျူတာနှင့် အလှူငွေခိုးယူသည့် လူငယ် ၃ ဦးကို ရဲစခန်းက ပြန်လွှတ်ပေး
DVB
·
February 27, 2023
331399331_5949873338464898_9197468477768791649_n

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကွန်ပျူတာနဲ့ အလှူငွေ ခိုးယူခဲ့တဲ့ လူငယ် အမျိုးသား ၃ ဦးကို မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းက ဖမ်းဆီးခဲ့ပြီး  ဖေဖော်ဝါရီလ ၂၆ ရက် ညနေမှာ ပိုက်ဆံယူပြီး ပြန်လွှတ်ပေးလိုက်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ ရွာဦးလမ်းရှိ ဓမ္မောဒယ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ဘ/က ကျောင်း ဦးဇင်းတစ်ပါးရဲ့ လက်တော့ကွန်ပျူတာနဲ့ အလှူ‌ငွေ ကျပ် ၇ သိန်းကျော် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ပျောက်ဆုံးသွားလို့ မြောက်ဥက္ကလာပရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က ဧည့်စာရင်းစစ် ဝင်ဖမ်းရာက ခိုးယူသူတွေကို ဖမ်းမိခဲ့တာပါ။  

ရပ်ကွက်နေသူတစ်ဦးက"ပြီးခဲ့တဲ့ တနင်္လာနေ့က ကျောင်းဖွင့်ချိန် ဖြစ်သွားတာ၊ ကျောင်းကို မိဘတွေတောင် ပေးမဝင်ခိုင်းဘူး၊ မုန့်စားဆင်းချိန် ဦးထုပ်အမဲဆောင်းထားတဲ့ လူငယ်တစ်ဦး ကျောင်းထဲ ဝင်သွားတာကို CCTV က တွေ့လိုက်တာနောက်ဆုံးပဲ။ အပြင်လူတော့ မဝင်ဘူး၊ ညနေလောက်မှ ဘုန်းကြီး ပိုက်ဆံနဲ့ ကွန်ပျူတာပျောက်တယ်လို့ သိရတာ။ ဖြစ်ဖြစ်ချင်း ရဲကို တိုင်ထားတော့ ရပ်ကွက်ထဲက မသင်္ကာတဲ့ တစ်ယောက်ကို စစ်ရင်း ၃ ယောက်စလုံး မိသွားတာ။ ကွန်ပျူတာ သွားရောင်းပေးတဲ့ အမျိုးသမီးကိုပါ ဖမ်းထားတာ။ သူ့ကို အရင်ပြန်လွှတ်ပေးလိုက်တယ်။ ကွန်ပျူ တာဝယ်တဲ့လူကို ပြန်ရှာ‌မတွေ့တော့ဘူး။ ဘုန်းကြီးက အထဲကဒေတာပဲ ပြန်လိုချင်တာလို့ ပြောတယ်။ မနေ့က ရပ်ကွက်လူကြီးတွေရယ်၊ အာမခံပေးမယ့် သူရယ်၊ တစ်ဦးကို ကျပ်  ၅ သိန်းစီနဲ့ ပြန်ထုတ်လာတယ်လို့ကြားတယ်၊ အရင်တစ်ခါကလည်း ရုံးခန်းမှာ ခံဝန်ထိုးထားတာ"လို့ ပြောပါတယ်။  

ခိုးမှုထဲပါဝင်နေတဲ့ ၁၈ နှစ်အရွယ်အမျိုးသားတစ်ဦးက ရပ်ကွက်ထဲက ဘင်ဂိုဝိုင်းတွေမှာ ၁၀, ၀၀၀ တန် အုပ်ကိုင်ဆောင်ကစားရာကနေ ခိုးမှုကို ရပ်ကွက်က သတင်းပေးလို့ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလူငယ် ၃ ဦးဟာ ရပ်ကွက်က ခိုးယူမှုတွေမှာ ပါဝင်ခဲ့သူတွေ ဖြစ်တာကြောင့် ရပ်ကွက်ရုံးမှာ ခံဝန်ထိုးထားရသူတွေလို့ သိရပြီး အခုဖြစ်စဥ်မှာ ရဲစခန်းက ဖမ်းဆီးပြီး ၄ ရက်အကြာမှာ ကျပ် ၅ သိန်းစီနဲ့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024