Home
မြန်မာသတင်း
မျက်လုံးကင်ဆာရောဂါခံစားနေရသည့် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် ဆေးကုသစရိတ် အကူအညီလိုအပ်နေ
DVB
·
February 26, 2023
473108-Htee-Gyiant-730x365

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် မချစ်ချစ်ဖူးဟာ မွေးရာပါ မျက်လုံးကင်ဆာ‌ရောဂါဝေဒနာကို ခံစားရပြီး ဆက်လက်ဆေးကုသဖို့ ကုသစရိတ် လိုအပ်နေတယ်လို့ ဖခင်ဖြစ်သူ ဦးသန်းလှိုင်ဌေးက ပြောပါတယ်။

အသက် ၂ နှစ်အရွယ်ကစပြီး မျက်လုံးကင်ဆာဆိုတာသိခဲ့ရာက ၂၀၂၁ ခုနှစ် အသက် ၄ နှစ်အရွယ်ကစလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ပြီး အခုအသက် ၆ နှစ်အရွယ်ထိ ဆေး ၄ ကြိမ်သွင်းပြီး နောက်ထပ် ၂ ကြိမ်သွင်းဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။ 

ဦးသန်းလှိုင်က "သမီးလေးက မွေးရာပါ မျက်လုံးကင်ဆာရောဂါကို ခံစားနေရတာပါ။ မျက်စိ တဖက်လည်း ဆုံးရှုံးလိုက်ရပါပြီ။ ကိုက်ခဲတာတွေ မြန်မြန်ပျောက်ချင်ပြီလို့ ခဏခဏ ပြောပါတယ်။ သမီးလေးရဲ့ မျက်စိကင်ဆာအမြစ်လေး သေးသွားမှ ခွဲလို့ရပါမယ်။ ဦးနှောက် ဓာတ်မှန်ရိုက်ပြီး နောက်တခေါက် ဆေးထပ်သွင်းရမယ်။ သမီးလေးရဲ့ ကင်ဆာရောဂါကို ကုပေးဖို့ တတ်နိုင်သလောက် ကူညီပေးကြဖို့ မေတ္တာရပ်ခံတယ်"လို့ ပန်ကြားပါတယ်။

ကလေးငယ်ဟာ ခံနိုင်ရည်အား မရှိသေးတာကြောင့် ခွဲစိပ်မှု မလုပ်ရသေးဘဲ နောက်ထပ်ဆေး ၂ ကြိမ် သွင်းပြီး သမီးဖြစ်သူ အသက် ၇ နှစ်အရွယ်ရောက်မှ ခွဲစိပ်မှုလုပ်ရမှာ ဖြစ်ကြောင်း၊ ဆေး ၁ ကြိမ် သွင်းပါက ကျပ် ၁၀ သိန်းကျော်ကုန်ကျပြီး ခုချိန်ထိ ကျပ်သိန်း ၅၀ ကုန်ကျပြီး ဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောပါတယ်။

လတ်တလော ချစ်ချစ်ဖူးဟာ အသက် ၄ နှစ်ကတည်းက ဘယ်ဘက်မျက်လုံး မမြင်ရတေ့ာဘဲ ကင်ဆာအမြစ်ဖြစ်သွားပြီး မျက်လုံးပေါက်ထွက်သွားတာပါ။

အွန်လိုင်းပေါ် ချစ်ချစ်ဖူးရဲ့ ပုံတွေကို အသုံးပြုပြီး လိမ်လည်အလှူခံတာ‌တွေ ရှိ‌နေပြီး ကိုယ်ချင်းစာ စိတ်နဲ့ သမီးလေးရဲ့ ပုံတွေကို အသုံးချပြီး မလိမ်ကြဖို့လည်း ဦးသန်းလှိုင်ဌေးက တောင်းပန်စကား ဆိုပါတယ်။

ဦးသန်းလှိုင်ဌေးဟာ ပန်းရံသမားဖြစ်ကာ အမျိုးသမီးဖြစ်သူကတေ့ာ အနီးပတ်ဝန်းကျင်မှာ အဝတ်လျှော်၊ မီးပူတိုက်တဲ့ အလုပ်ကို လုပ်ပြီး သမီးဖြစ်သူရဲ့ ကင်ဆာရောဂါကို ကုသဖို့ မိသားစု ဝင်ငွေနဲ့ မတတ်နိုင်တေ့ာလို့ အွန်လိုင်းပေါ် အကူအညီတောင်းပြီး အလှူခံနေရတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024