ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေ ဖာပွန် (မူတြော်) ခရိုင်၊ တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် (BGF) ပူးတွဲနေထိုင်တဲ့ တပ်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၅ ရက် ဒီနေ့မနက် ၆ နာရီက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးရုံးက သတင်းထုတ်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံနဲ့ စစ်ကောင်စီတပ်တွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးပြီး လက်နက် ၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုအခြေအနေကို သီးခြားအတည်ပြုနိုင် ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ ရဲစခန်းကိုလည်း ဒီနေ့မနက် အစောပိုင်းက ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။