ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်၊ မြန်မာနယ်စပ်အနီးမှာ စိတ်ကြွဆေးပြား ၂ သိန်းကို သေနတ် ၁ လက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အမှတ် ၃၂၀၆ ထိုင်းကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီလောက်က မဲ့အိုင်းမြို့နယ်တွင်း နယ်စပ်လုံခြုံရေးစစ်ဆေးဆောင်ရွက်နေစဉ် နားမအိန့်ကျေးရွာအနီး တော စပ်ထဲကနေ အမျိုးသား ၂ ဦး ကျောပိုးအိတ်နဲ့ ဝင်လာတာတွေ့ရကြောင်း ၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ရပ်မိန့်ပေးလိုက်ရာ တဘက်က သေနတ်နဲ့ ပစ်ခတ်လာတယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ်ဘက်ကလည်း ပြန်ပစ်ခဲ့ပြီး သေနတ်သံငြိမ်သွားကြောင်း ၊ ညမိုးချုပ်ပြီဖြစ်တဲ့အတွက် ချက်ချင်းနယ်မြေရှင်းလင်းရေးမလုပ်နိုင်ဘဲ ဖေဖော်ဝါရီ ၂၁ ရက်မနက်စောစောမှ သွားရောက်စစ်ဆေးရာမှာ အိတ် ၂ လုံး ၊ ပြောင်းရှည်သေနတ် ၁ လက် ၊ ဂက်စ်ဓာတ်ငွေ့သေနတ် ၁ လက်နဲ့ အသုံးအဆောင်ပစ္စည်းအချို့တွေ့ရတယ်လို့ ဆိုပါတယ် ။
အဆိုပါအိတ် ၂ လုံးထဲမှာ တစ်လုံးကို စိတ်ကြွဆေး ၁ သိန်းစီနဲ့ စုစုပေါင်း စိတ်ကြွဆေး ၂ သိန်းဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
အဆိုပါနေရာဟာ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။
တစ်နေ့တည်းမှာပဲ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းကျေးရွာအုပ်စု၊ ပုံတပ်ကျေးရွာနဲ့ ပါဟိုးကျေးရွာရှိ နွားမွေးမြူရေးခြံနဲ့ ခြံပိုင်ရှင်ရဲ့နေအိမ်ကနေ စိတ်ကြွဆေးပြား ၆၅ သိန်းနဲ့ ပွိုင့် ၂၂ သေနတ် ၄ လက် ၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို မြန်မာမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး သိမ်းဆည်းရမိတယ်လို့ CCDAC MYANMAR သတင်းမှာ ဖော်ပြပါတယ်။
Photo- Maesai Press