ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကမ်းသာပန်းခြံနဲ့ ကျောက်တံတားသမ္ဗန်ဆိပ်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံးတွေ့ပြီး စစ်တပ်က ဖောက်ခွဲဖျက်ဆီးကာ လမ်းသွားလမ်းလာ လူငယ်တယောက်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက် ၈ နာရီက ကြည့်မြင်တိုင် ကျောက်တံတား သမ္ဗန်ဆိပ်အနီးမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်က အတားအဆီးတွေလုပ်ပြီး ဖောက်ခွဲခဲ့တယ်လို့ သမ္ဗန်ဆိပ်အနီးနေသူတဦးက ပြောပါတယ်။
“သမ္ဗန်ဆိပ်အဆင်းက ဆိုက်ကားဂိတ်နားမှာ တွေ့တာ၊ စစ်တပ်က အဲ့ဒီလက်လုပ်ဗုံးကို ယူပြီး ကမ်းနားလမ်းပေါ်မှာ ဖောက်ပစ်တယ်။ ညက ပန်းခြံမှာ ဗုံးတွေ့လို့ဆိုပြီး အလုပ်ကပြန်လာတဲ့ ကောင်လေးတယောက် ဖမ်းသွားတယ်။”
မနေ့ည ၈ နာရီကျော်ကလည်း ကြည့်မြင်တိုင်၊ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်းမပေါ်ရှိ ဆိပ်ကမ်းသာပန်းခြံအတွင်းမှာ ဗုံးတွေ့လို့ စစ်ကောင်စီတပ်က ဖောက်ခွဲပြီး လမ်းသွားလမ်းလာ လူငယ်တဦးကို ဖမ်းဆီးခဲ့တယ်လို့ အိုးဘိုရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ညက စစ်တပ်က လက်လုပ်ဗုံးကိုခွဲပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီး အလုပ်ကပြန်လာတဲ့ ကောင်လေးတယောက်ကို ဖမ်းသွားတယ်။ ရှင်းပြနေတာတောင် မရဘူး။ ကမ်းနားလမ်းမှာပဲ ဖမ်းသွားတာ။”
စစ်ကောင်စီတပ်က မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး နှစ်ကြိမ်တွေ့ပြီးနောက် ကမ်းနားလမ်း၊ ဗားကရာလမ်းနဲ့ ကြည့်မြင်တိုင်ငါးစျေးဘက်တွေမှာ လုံခြုံရေးတွေ ချထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၃ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ၁၁ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။