မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့မရဲစခန်းအနီးက ကျောင်းပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အဆောက်အဦ တခုလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
သံဖြူဇရပ်မြို့မရဲစခန်းအနီးရှိ အုပ်ချုပ်ရေးမှူးဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၅ နာရီခွဲလောက်မှာ မိုင်းထောင် ဖောက်ခွဲခံလိုက်ရတာ ဖြစ်ပါတယ်။
မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် အဆောက်အဦ တခုလုံးနီးပါး ပြိုကျပျက်စီးခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
“မနက်က အသံအကျယ်ကြီးပဲ မိုင်းပေါက်တာ၊ ပြီးမှ အုပ်ချုပ်ရေးမှူးရုံးမှာ မိုင်းကွဲတာလို့ သိရပါတယ်။ ဒီအုပ်ချုပ်ရေးမှူးရုံးက ရဲစခန်းနဲ့နီးနီးလေး လှမ်းကြည့်မြင်ရတယ်။ အခုတော့ ရဲတွေ ခြေရှုပ်နေတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သံဖြူဇရပ်မြို့ အဝင်အထွက်နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
သံဖြူဇရပ်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ၆ ရုံးထက်မနည်း မိုင်းထောင်ဖောက်ခွဲခံထားရပါတယ်။