မကွေးတိုင်း၊ ပခုက္ကူမြို့က နယူးဒေးဆီဆိုင်မှာ ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက ဆီဘောက်ဆာကား ညအိပ်ရပ်နားချိန် ယာဉ်မောင်းရဲ့သားဖြစ်သူ အသက် ၆ နှစ်အရွယ်ကလေးငယ်ဟာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ၄ ရက်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်ရောက်မှ ဆီဆိုင်ရှေ့က ရေကန်ထဲမှာ သေဆုံးလျက် ပြန်ရှာတွေ့ထားတယ်လို့ ပခုက္ကူအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ကလေးငယ်နဲ့ သူ့မိဘတွေက ပဲခူးကနေ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပခုက္ကူမြို့ နယူးဒေးဆီဆိုင်ကို ဆီဘောက်ယာဉ်နဲ့ မိသားစုအလိုက် ရောက်ခဲ့ပြီး ဆီဆိုင်မှာ ညအိပ်ကားရပ်နားချိန် ကလေးငယ်ကို ယာဉ်အကူနှစ်ဦးနဲ့အတူ ကားအောက်မှာ သိပ်ထားရာမှ ပျောက်ဆုံးသွားခဲ့တာပါ။
"အဲ့ဒီနေ့က သူတို့က ဆီလာချတာ၊ နယူးဒေး ဆီဆိုင်ကို ၊ ညကို ဆီဆိုင်မှာ အိပ်ရင်းနဲ့ ည ၁၀ နာရီလောက်မှာ အားလုံး အိပ်ပျော်သွားကြတယ်လို့ ပြောတယ်၊ ကလေးက ဘယ်အချိန်ထသွားလဲတော့ မသိဘူး၊ စပယ်ယာရော အတူအိပ်နေတာ ၊ မနက် ၄ နာရီလောက်မှ ကြည့်မိတာတဲ့၊ အဲ့အချိန် လိုက်ရှာတော့ မရှိတော့ဘူး၊ အဲ့ကတည်းက ရှာတာ၊ ၃ ရက်ကျော် ၄ ရက်လောက်ကျမှ ဆီဆိုင်ရဲ့ အရှေ့ဖက်က ကန်ထဲမှာ တွေ့တာ၊ ဒီနေ့မနက် သိသိချင်း လှမ်းဆက်တာတော့ ၈ နာရီဝန်းကျင်ပဲ၊ ကလေးက ၆ နှစ်နဲ့ ၁ လပဲ ရှိသေးတယ် " လို့ ပခုက္ကူမြို့ပုညမုဒိတာအသင်းက ပြောပါတယ်။
ကလေးငယ်ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂၂ ရက်၊ မနက် ၈ နာရီခန့်မှာ နယူးဒေးဆီဆိုင်ရှေ့က ရေကန်ထဲမှာဒေသခံတွေက တွေ့ရှိခဲ့လို့ မိဘဖြစ်သူတွေကို ဆက်သွယ်ပြီး ရုပ်အလောင်းကို ပုညမုဒိတာနိဗ္ဗာန်ယာဥ်နဲ့ ပခုက္ကူဆေးရုံ ပို့ဆောင်ထားပါတယ်။
ဓာတ်ပုံ ( ပုညမုဒိတာ )