အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို ကူညီကာကွယ်ပေးနေပြီး ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပဖို့ ထောက်ခံပြောဆိုလှုပ်ရှားတဲ့ နိပွန်ဖောင်ဒေးရှင်ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါကို ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက ဖေဖော်ဝါရီ ၂၂ ရက်က တိုကျိုမြို့ရှိ သူ့ရဲ့ရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာပြည်သူတွေရဲ့ သဘောထား တောင်းဆိုစာကို ရုံးအတွင်း ဝင်ရောက်ပေးအပ်ခဲ့ရာမှာ ရုံးတာဝန်ခံတဦးက လက်ခံယူပြီး စာထဲမှာတော့ ငြိမ်းချမ်းရေးအကြောင်းပြ စစ်ကောင်စီကို ထောက်ပံ့နေတာတွေ၊ စစ်ကောင်စီဘက်က ရပ်တည်ပြောဆိုနေတာတွေ ရပ်တန့်ဖို့နဲ့ လက်ရှိလုပ်ရပ်တွေက မြန်မာပြည်ငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်ဘူးလို့ မြန်မာပြည်သူတွေက ယုံကြည်ကြောင်း၊ တကယ်လို့ စစ်ကောင်စီဘက်က ဆက်ရပ်တည်နေရင် နောင်တချိန် နိပွန်ဖောင်ဒေးရှင်းနဲ့ မြန်မာပြည်သူတွေအကြား ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိမလာနိုင်ဘူးလို့ ရေးသားထားကြောင်း ရုံးအတွင်း ဝင်ရောက် စာပေးအပ်ခဲ့သူ မသိရီသစ္စာက ဒီဗွီဘီကို ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ လေ့လာရေးအဖွဲ့ခေါင်းဆောင်အဖြစ် စောင့်ကြည့်လေ့လာခဲ့ပြီး လွပ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကိုယ်တိုင်ပြောခဲ့တဲ့ မစ္စတာဆာဆာကာဝါအနေနဲ့ အခု စစ်ကောင်စီရဲ့ ၂၀၂၃ ခု ရွေးကောက်ပွဲကို ကျင်းပသင့်တယ်လို့ အင်တာဗျူးတွေမှာ ပြောဆိုနေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဆန့်ကျင်နေပြီး စော်ကားသလို ခံစားမိလို့ အခုလို ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကျိုတိုဆဲအိခတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ နန်းမြကေခိုင်က ဒီဗွီဘီကို ပြောပြခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ လက်ရှိ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံကို သွားရောက်လုပ်ဆောင်နေတာက ဂျပန်အစိုးရနဲ့ မပတ်သက်ဘူးလို့ ဖြေရှင်းထားတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဦးမြင့်ဆွေက ပြောပါတယ်။
မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အားပေးထောက်ခံနေတာတွေ ချက်ချင်းရပ် အပါအဝင် တောင်းဆိုချက်တွေကို လာရောက်ဆန္ဒပြသူတွေက ဂျပန်ဘာသာနဲ့ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးကို ကူညီအားပေးနေတဲ့ ဂျပန်လူမျိုးတွေကလည်း လာရောက်ပူးပေါင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဇော်ဇော်လှိုင်