လာမယ့် ပညာသင်နှစ်မှာ ဖွင့်လှစ်မယ့် အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်နှုန်းတွေ ပိုမိုတိုးလာဖို့ မျှော်လင့်ပြီး သင်ရိုးညွှန်းတန်းပုံနှိပ်တွေနဲ့ ဗလာစာအုပ်တွေကို ပိုမိုရိုက်နှိပ်ဖို့ စီစဉ်မယ်လို့ စစ်ကောင်စီပညာရေးဌာနကနေ သိရပါတယ်။
၂၀၂၂-၂၃ ပညာသင်နှစ်မှာ နိုင်ငံတဝန်း စစ်ကောင်စီကဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေကို တက်ရောက်တဲ့ ကျောင်းသားကျောင်းသူဦးရေဟာ ၇ သန်းကျော်ရှိခဲ့ပြီး အခုအခါ နှစ်ဆုံး၊ အခန်းဆုံး စာမေးပွဲတွေကိုလည်း ကျင်းပပြီးစီးလုနီးပါး ဖြစ်နေပါပြီ။
မတ်လမှာဖြေဆိုရမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးပါက ၂၀၂၂-၂၃ ပညာသင်နှစ် ပြီးဆုံးမှာဖြစ်လို့ လာမယ့် ၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ ကျောင်းအပ်ချိန် မရောက်ခင်မှာ သင်ရိုးညွှန်းတန်း ပုံနှိပ်စာအုပ်တွေနဲ့ ဗလာစာအုပ်တွေကို အခမဲ့ဖြန့်ဝေနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်သွားမယ်လို့ စစ်ကောင်စီ ပညာရေးဌာန အရာရှိတဦးက ပြောပါတယ်။
အခုနှစ်မှာ တိုက်ပွဲဖြစ်ပွားရာဒေသတွေ ကျယ်ပြန့်လာတာကြောင့် တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ ကျောင်းသားကျောင်းသူတချို့ဟာလည်း ပညာသင်ခွင့် ဆုံးရှုံးခဲ့ရတာကြောင့် လာမယ့်ပညာသင်နှစ်မှာ တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ဖို့ ညွှန်ကြားချက်လည်း ရှိတယ်လို့ ဆိုပါတယ်။
လာမယ့်ပညာသင်နှစ်မှာ သင်ရိုးသစ်နဲ့ ပြုပြင်ပြောင်းလဲတဲ့ KG + 12 သင်ရိုးညွှန်းတန်း အားလုံးဟာ စတင်အသက်ဝင်မှာဖြစ်တဲ့အတွက် ပိုမိုတိုးတက်လာမယ့် ကျောင်းသားကျောင်းသူ အရေအတွက်ကို ခန့်မှန်းတွက်ချက်ကာ ကျောင်းသားကျောင်းသူတွေကို အခမဲ့ဖြန့်ဝေပေးရမယ့် ကျောင်းသုံးပစ္စည်း အရေအတွက်တွေကိုလည်း တိုးမြှင့်မှာယူရမှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၃-၂၄ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းသားကျောင်းသူ အရေအတွက်က ၁၀ သန်းနီးပါးအထိ ရောက်ရှိလာနိုင်တယ်လို့လည်း စစ်ကောင်စီ ပညာရေးဌာနက ခန့်မှန်းထားသလို တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ပြောဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ နိုင်ငံတဝန်း သန်းနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေ ကျောင်းမတက်ကြတာရှိသလို ဆရာ ဆရာမတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။