မြန်မာဆိုရိုးစကားမှာ လက်ပံဖူးချိန် ခွေးရူးချိန်ဆိုတဲ့စကား ရှိပါတယ်။ လက်ပံပင်တွေ ဖူးပွင့်တဲ့ တပို့တွဲ၊ တပေါင်းလမှာ ခွေးများလည်း ရူးတတ်တဲ့အချိန်လို့ ပြောချင်တာဖြစ်ပါတယ်။ လက်ပံလည်းဖူး ခွေးလည်းရူးလို့လည်း သုံးတတ်ကြပါတယ်။ ဆောင်းအကုန် နွေအကူးစမှာ လက်ပံတွေ စဖူးလာကြစမြဲဖြစ်သလို ခွေးရူးတွေလည်း ပေါ်ထွက်လာလေ့ရှိပါတယ်။
လက်ပံတွေဖူး လက်ပံတွေပွင့်တာက လူသားတွေကို အကျိုးပြုပါတယ်။ လက်ပန်ပွင့်တွေကြွေရင် ကောက်၊ အခြောက်လှမ်း၊ လက်ပန်ခေါင်းခြောက်ကို ချက်ပြုပ်စားသောက်လို့ ရနိုင်တာကိုး။ ဒါပေမဲ့ ခွေးရူးတွေပေါ်ထွက်လာရင်တော့ လူသားတွေအတွက် အလွန်အန္တရာယ်ရှိပါတယ်။ ခွေးရူးအကိုက်ခံရသူဟာ အချိန်မီ ဆေးထိုးကုသမှု မပြုမိရင် ခွေးရူးပြန်ရောဂါပိုးက ဦးနှောက်နဲ့ အာရုံကြောကို ရောက်ရှိတိုက်ခိုက်သွားပြီဆိုရင်တော့ ကုသနိုင်မယ့်ဆေး မရှိတော့တာမို့ ၁၀၀ ရာခိုင်နှုန်း အသက်ဆုံးကြရတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ခွေးရူးတကောင် ရောဂါရင့်ပြီး အရပ်ထဲလျှောက်ပြေးရင်း မဲမဲမြင်ရာ မာန်ဖီ ကိုက်ခဲနေပြီဆိုရင်တော့ သတ္တဝါတွေအပေါ် သနားကြင်နာစိတ်ရှိပေမဲ့လည်း ကယ်တင်လို့ မရတော့တဲ့အဆင့်ကို ရောက်သွားတဲ့ ခွေးရူးကို ချမ်းသာပေးလို့ မရတော့ပါဘူး။ ခွေးရူးကို ချမ်းသာပေးရင် လူသားတွေအတွက် အသက်အန္တရာယ်ရှိလာတာမို့ မလွှဲမရှောင်သာဘဲ ရပ်ရွာလူထုက ဝိုင်းဝန်းသုတ်သင်ကြရတာ ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လူတစုကို သစ္စာခံပြီး ပြည်သူလူထုကို လက်နက်နဲ့ အကြမ်းဖက် ရန်မူသတ်ဖြတ် လုယက် မီးရှို့နေကြတဲ့ စစ်ဗိုလ်စစ်သားတွေကို နာကြည်းမုန်းတီးစွာ စစ်ခွေးတွေလို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ ကယ်တင်လို့မရတော့တဲ့ အဆင့်ကို ရောက်သွားတဲ့ ခွေးရူးတွေလိုပဲ ပြည်သူအပေါ်သစ္စာဖောက်၊ နိုင်ငံတော်ကို ပုန်ကန်ကြတဲ့ စစ်မိစ္ဆာခွေးရူးတွေကို ချမ်းသာပေးလို့ မရတော့ပါဘူး။ သူတို့ကိုချမ်းသာပေးရင် တိုင်းရင်းသား အများပြည်သူ ရဟန်းရှင်လူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေအတွက် အန္တရာယ်ရှိတာမို့ နိုင်ငံသားတိုင်းက ဝိုင်းဝန်းရှင်းလင်းဖယ်ရှားကြရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကြားဖြတ်လို့ ခွေးရူးပြန်ရောဂါ အန္တရာယ်ရှိပုံကို အများပြည်သူတို့ သတိပြုမိဖို့ ရေးသားချင်ပါတယ်။ အင်္ဂလိပ်လို Rabies မြန်မာလို ခွေးရူးပြန်ရောဂါလို့ ခေါ်ကြရတဲ့ ရောဂါဆိုးဟာ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်နဲ့ တောရိုင်းတိရစ္ဆာန် လင်းနို့ စတာတွေမှာ တွေ့ရတတ်တဲ့ RABV virus ရက်ဘီဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားစေတာဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ အချိန်မီ ဆေးထိုးကုသရင် ပျောက်ကင်းနိုင်ပေမဲ့ သတိမမူဘဲ ဆေးထိုးကုသခြင်းမရှိရင် ရောဂါလက္ခဏာ ပြလာပြီဆိုရင်တော့ နောက်ကျသွားတာမို့ အသက်ဆုံးရှုံးစေအောင် ပြင်းထန်ဆိုးရွားတဲ့ရောဂါ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ နှစ်တိုင်း လူ ၁,၀၀၀ လောက်ဟာ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးနေကြရပါသတဲ့။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ခွေးကောင်ရေ လေးသန်းလောက်ရှိပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းက ခွေးလေခွေးလွင့်တွေ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ လူပေါင်း ၆၂,၀၀၀ ဟာ ခွေးကိုက်ခံခဲ့ရပါတယ်။ အဲဒီထဲက ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်အောက် ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
NLD လူထုအစိုးရလက်ထက်တုန်းက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း ခွေးနဲ့ ကြောင် တသန်းကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးဖို့ ခွေးရူးရောဂါ ကာကွယ်ဖို့အတွက် တိရစ္ဆာန်အရေး ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ FOUR PAWS အဖွဲ့နဲ့ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်ခဲ့ကြပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာလုခံရပြီး အစီအစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
အာရုံကြောကို အဓိကထား တိုက်ခိုက်တတ်တဲ့ ရက်ဘီဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ခွေးရူးပြန်ရောဂါ ဖြစ်ပြီဆိုရင် အောက်ပါလက္ခဏာတွေ ဖြစ်လာပါတယ်။
၁။ ဖျားနာ နုံးချိခြင်း
၂။ အစားအသောက်ပျက်ခြင်း
၃။ ပျို့ချင်အန်ချင်ခြင်း
၄။ ကိုယ်တွေလက်တွေကိုက်ခဲခြင်း
၅။ ပိုးက ဦးနှောက်ဆီရောက်သွားပြီဆိုရင် စိတ်တို၊ စိတ်ကယောင်ကတမ်းဖြစ် အသိလွတ်ခြင်း
၆။ ဦးနှောက်ရောင်တဲ့အတွက် (Fits) ဝက်ရူးပြန်သလိုဖြစ်ပြီး သတိလစ်တတ်ခြင်း
၇။ ကြွက်တက်ခြင်း (Muscle Spasm)
၈။ ဦးနှောက်ရဲ့အာရုံခံစနစ် တချို့နေရာတွေ ပျက်စီးသွားတာမို့ လေဖြတ်သလိုဖြစ်ပြီး မလှုပ်ရှားနိုင်တော့ခြင်း
၉။ အသံ၊ အလင်းရောင် အထိအတွေ့ လေတိုက်လို့ ထိမိတာတောင် နာကျင်မှုခံစားရခြင်း (လေကြောက်ရောဂါ Aerophobia)
၁၀။ လည်ပင်းကြွက်သားတွေ တင်းကျပ်လာတဲ့အတွက် ကိုယ့်တံတွေးတောင် မမျိုနိုင်တာမို့ တံတွေး ဟိုထွေးဒီထွေးလုပ်ခြင်း၊ သွားရည်တွေ တတောက်တောက်ကျနေတဲ့အချိန် ရေကလည်း ငတ်လွန်းတော့ ရေသောက်လိုက်ရင် လည်ချောင်းကို ဆွဲဖြဲသလို နာတဲ့အတွက် (ရေသောက်ရမှာကို ကြောက်တဲ့ရောဂါ Hydrophobia)
၁၁။ အသက်ရှူပြွန်ပတ်ဝန်းကျင်က ကြွက်သားတွေပါ ထိခိုက်လာတော့ အသက်မရှူနိုင်၊ နှလုံးကြွက်သားတွေပါထိပြီး နောက်ဆုံး အသက်ဆုံးရှုံးရဝာာမို့ အလွန်ကြောက်ရွံ့ဖို့ကောင်းတဲ့ ရောဂါ ဖြစ်ပါတယ်။
အများအားဖြင့် ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ချိန်နဲ့ ရောဂါလက္ခဏာစပြတဲ့အချိန်ဟာ ၁ လအထိ ကွာခြားတတ်ပြီး ရောဂါအစပျိုးချိန်ဟာလည်း ၁ လမှ ၃ လအထိ ကွာခြားတတ်တယ်လို့ ဆိုပါတယ်။ ခွေးရူးပြန်ရောဂါ အစပျိုးချိန်ဟာ တပတ်အတွင်းလည်း ကြာတတ်သလို တနှစ်ကျော်အထိလည်း ကြာသွားနိုင်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ရောဂါပိုးဝင်ရောက်တဲ့ နေရာကနေ ဦးနှောက်အာရုံဆီကို သွားရောက်ရမယ့် အကွာအဝေးပေါ်မှာ မူတည်လို့ပါပဲ။
ခွေးရူးကိုက်ခံရပြီးတဲ့နောက်မှာ မှန်ကန်စွာ ကာကွယ်ဆေးနဲ့ ကုသတာဟာ ရောဂါမဖြစ်ပွားစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ အကိုက်ခံရပြီး ခြောက်ရက်အတွင်း ကုသမှုခံယူဖို့ လိုပါတယ်။ ပထမအကြိမ် ကာကွယ်ဆေးထိုးတဲ့ရက်ကနေ ၃ ရက်၊ ၇ ရက်နဲ့ ၁၄ ရက်မြောက်နေ့တွေမှာ မပျက်မကွက် ကာကွယ်ဆေးထိုးထားသူတွေဟာ Immunoglobulin ထိုးဖို့ မလိုအပ်တော့တဲ့အတွက်ကြောင့် ပထမအကြိမ်နဲ့ သုံးရက်မြောက် နှစ်ကြိမ်သာလျှင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကို စနစ်တကျ ကာကွယ်ဆေးထိုးကြဖို့နဲ့ မိမိတို့ကိုယ်တိုင် ခွေးရူးပြန်ရောဂါရှိတယ်လို့ သံသယရှိတဲ့ ခွေးကိုက်ခံရမယ်ဆိုရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေထံ အချိန်မီ သွားရောက်ကုသမှု ခံယူကြဖို့ အကြံပြုထားပါတယ်။
ကဲ အခု ပြည်သူတွေက စစ်ခွေးလို့ ခေါ်နေကြတဲ့ စစ်အာဏာရှင် ခါးပိုက်ဆောင်တပ်က မိစ္ဆာဘီလူးသဘက်တွေရဲ့ အန္တရာယ်ကို ပြန်ကြည့်ကြရအောင်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ခွေးကိုက်ခံရလို့ ကျဆုံးခဲ့ရသူ ပြည်သူ စုစုပေါင်းမှာ ၂,၉၅၄ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အစုလိုက် အပြုံလိုက် အသတ်ဖြတ်ခံရတဲ့ ပြည်သူ ၄၇၁ ဦး ပါဝင်ပါတယ်။
နွေဦးတော်လှန်ရေးကာလ ၂ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရမ်းကားရက်စက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူအရေအတွက် - ၁,၅၇၄,၄၀၀၊ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်အဆောက်အအုံ အရေအတွက် - ၆၂,၃၉၉၊ ဘာသာရေးအဆောက်အအုံ ဖျက်ဆီးခံရမှု - ၁၆၃၊ ဖျက်ဆီးခံရတဲ့ စာသင်ကျောင်းအရေအတွက် - ၃၀၊ ဖျက်ဆီးခံရတဲ့ ဆေးရုံအရေအတွက် - ၁၅၇ ရုံရှိခဲ့ပြီ ဖြစ်ပါတယ်။
အထက်ပါကိန်းဂဏန်း အချက်အလက်တွေကိုကြည့်ရင် စစ်အာဏာရှင် မိစ္ဆာရူးတွေဟာ ခွေးရူးတွေထက်တောင် မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းအတွက် အဆပေါင်းများစွာ အလွန်အမင်း အန္တရာယ်ရှိနေတာကို ညွှန်ပြနေတာမို့ မဲမဲမြင်ရာ မာန်ဖီကိုက်ခဲနေတဲ့ ခွေးရူးများ သောင်းကျန်းတဲ့အခါ အရပ်က ဝိုင်းဝန်းဖမ်းဆီး ရှင်းလင်းပစ်ကြသလို အာဏာရှင်လက်ပါးစေ စစ်မိစ္ဆာရူးတွေကို တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးက စုပေါင်းညီညာစွာ ဝိုင်းဝန်းဖမ်းဆီး အပြစ်ပေးကြဖို့ ကြိုးပမ်းအားထုတ်လာတာဟာ အခုဆို စစ်အာဏာရှင်စနစ်ကို ဒီနှစ်ထဲမှာ အမြစ်ဖြတ်ရှင်းလင်းပစ်နိုင်မယ့် အခြေအနေတွေ ပြည့်စုံအားကောင်းလာနေပြီ ဖြစ်ပါတယ်။
အဖိနှိပ်မခံတတ်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ နီမောင်းဝင်းလက်တဲ့ တော်လှန်ရေးသမိုင်းကောင်း၊ သမိုင်းကြောင်းတွေ အမြှောင်းအမြှောင်းထတဲ့ အစဉ်အလာတွေရှိတဲ့ နွေရာသီ မတ်လကို ပြန်ရောက်ရှိလာပြီမို့ သမိုင်းတပတ်ပြန်လည်လို့ တိုင်းပြည်ရဲ့ရာဇဝင်သစ်ကို ပြည်သူလူထု တရပ်လုံးက ယုံကြည်ချက်အပြည့်နဲ့ ဖွင့်လှစ်နေကြတာမို့ မကြာမီ လက်ပံဖူးချိန် ခွေးရူးချိန်မှာ စစ်မိစ္ဆာရူးတို့ ဇာတာမှိန်လို့ ဝဋ်ပြန်လည်မယ့်အချိန် မြင်တွေ့ကြရမှာ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်