မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၀၂၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၈၁၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၅,၉၅၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၄,၄၇၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၃၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တုံးတောကျေးရွာမှာ တပ်စွဲထားတဲ့ တပ်ရင်း ခမရ ၅၉၉ ကနေ ကျောက်ကြီးမြို့နယ်၊ ကျွန်းတောကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်ဟာ ကျေးရွာထဲက နေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ မမြင့်မြင့်ဆန်း ကျည်ထိမှန် သေဆုံးခဲ့ရပြီး အသက် ၁၂ နှစ်နဲ့ ၅ နှစ်အရွယ် ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၆ နာရီခွဲလောက်မှာလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်က ရှမ်းခေါက်ဆွဲဆိုင်ကို စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက အိမ်စီးကားနဲ့လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို အမာခံထောက်ခံအားပေးသူ ဆိုင်ပိုင်ရှင် ကိုအောင်ဝင်းထွဋ် (ခ) ကိုအောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီနေ့ ည ၉ နာရီအချိန်မှာတော့ အကြမ်းဖက်စစ်အုပ်စုက ကိုအောင်ဝင်းထွဋ် (ခ) ကိုအောင်ရဲ့ ရုပ်အလောင်းကို အမှတ် ၇ ရဲစခန်းမှာ သွားရောက်ထုတ်ယူဖို့ မိသားစုကို အကြောင်းကြားခဲ့တာကြောင့် မိသားစုက သွားရောက်ထုတ်ယူရာ ခန္ဓာကိုယ်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ် အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။