ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးဟာ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ ချုပ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အခုလွတ်မြောက်လာသူတွေက ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ကိုဌေးဝင်း၊ ကိုမင်းစိုးနဲ့ ကိုကျော်ဝင်းဟိန်းတို့ ဖြစ်ကြပြီး ပြန်လည်လွတ်မြောက်လာတဲ့အတွက် ဝမ်းသာမိတယ်လို့ ကိုညီညီအောင်ရဲ့မိခင် ဒေါ်နီနီအေးက ပြောပါတယ်။
“လွတ်တာက ဒီနေ့မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ သားလေး ပြန်လည်လွတ်မြောက်လာလို့လည်း တော်တော်ပျော်မိတယ်။ ချုပ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာပါ။”
လွတ်မြောက်လာတဲ့ ကျောက်ဆိပ်ကျေးရွာသားတွေကို ဖမ်းဆီးပြီးနောက် စစ်တပ်ရေယာဉ်တခုပေါ်မှာ ရိုက်နှက် နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်တခု ၂၀၂၀ ပြည့်နှစ် မေလ ၁၀ ရက်က လူမှုကွန်ရက်ပေါ်တက်လာပြီး ဝေဖန်မှုတွေရှိခဲ့သလို စစ်တပ်ကလည်း အဲဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ ဝန်ခံခဲ့ကာ ပါဝင်သူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သူတို့ ၅ ဦးကို ပုဏ္ဏားကျွန်းမြို့ ခမရ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ စစ်တွေခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၂၂ ရက်က တရားစွဲဆိုခဲ့တာပါ။
၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်မှာ စစ်တွေခရိုင်တရားရုံးက သူတို့ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ ငြိစွန်းမှုမရှိလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ၅၂(က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး စစ်တပ်က အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆို ထောင်ချထားတာ ရှိခဲ့ပါတယ်။
အဲဒီလို ဖမ်းဆီးထောင်ချခံရသူတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့သလို ချုပ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာသူတချို့လည်း ရှိပေမဲ့ မလွတ်မြောက်သေးသူ ရာနဲ့ချီ ရှိနေပါသေးတယ်။
ဓာတ်ပုံ- ဝေဟင်အောင်