စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြားမှာရှိတဲ့ ကျောက်မျက်တောင် စစ်တပ်စခန်းငယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တဲ့ ယင်းမာပင်မြို့နယ် PDF ရဲဘော်တွေကို ဒေသခံ ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြားမှာရှိတဲ့ ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ နေရာကို PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် တနာရီခွဲအတွင်းမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိခဲ့သလို M-14 နင်းမိုင်းအလုံး ၄၀၊ စနစ်တံပါ MG-1 ပလတ်စတစ်လက်ပစ်ဗုံး အလုံး ၃၀၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နဲ့ Anti Drone Gun တလက် သိမ်းဆည်းရမိခဲ့တယ်လို့ KLG PDF တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ မဟာမိတ်တပ်ဖွဲ့က ရဲဘော်တဦး ကျဆုံးခဲ့ပြီး နောက်ထပ် ရဲဘော်တဦးလည်း အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
အခုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းမထုတ်ပြန်ထားပါဘူး။