ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ တပ်စွဲထားပြီး ကင်းလှည့်ဖို့ ထွက်ခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တို့အကြား ဖေဖော်ဝါရီ ၁၉ ရက်ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ယောက်လောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေထံက MA-1 သေနတ် တလက် ၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၂၅ တောင့်ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု KRU ဘက်က သိမ်းဆည်းရမိပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KRU လက်အောက်ခံ GZ-21 ( Loikaw) မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ပါတယ်။