ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃၊ နတ်စစ်သည်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
နတ်တလင်းမြို့နယ် မကျီးပင်ရွာဘက်ကနေ တောလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီလောက်က ရစ်ကွင်းရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိနိုင်ပေမဲ့ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”
နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ တောင်ညိုဆည်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ဇန်နဝါရီ ၂၈ ရက်က ဖောင်အိုင်ကုန်းနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ သိရပါတယ်။