မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသက တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားတယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၈/၉ တပ်ရင်း ကျောက်ထု-PDF (YRPA) က ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ကျောက်ထုအမြှောက်တပ်ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၈ ယောက်လောက် လိုက်ပါလာတဲ့ စစ်ကား ၂ စီး၊ ဖောကား ၁ စီးကို ဖေဖော်ဝါရီ ၁၆ ရက် မနက် ၈ နာရီ ၅၃ မိနစ်က ကျောက်ထုနဲ့ မိအယ်ကျေးရွာကြားမှာ မနက်တကြိမ်၊ ညနေတကြိမ် မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၁ ယောက်လောက် သေဆုံးခဲ့တယ်လို့ ကျောက်ထု-PDF (YRPA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ပြောပါတယ်။
အဲဒီနောက် တိုက်ပွဲဖြစ်ပွားကာ ပထမဆုံး မိုင်းဆွဲခဲ့တဲ့အချိန်မှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိကာ ကားပေါ်ဆွဲတင်နေတဲ့ အချိန်မှာပဲ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က ၈ ယောက်လောက် ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ထုဘက်ကို ပြန်ဆုတ်တဲ့အချိန် ပန်ဆန်ကျေးရွာ မြောက်ဘက်နားမှာ ပဒေသာမိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ များပြားပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ကျောက်ထုမရောက်ခင် ယောချောင်းတံတားနားမှာလည်း ပဒေသာမိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဗိုလ်ရန်ကင်းက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကိုတော့ ဖေဖော်ဝါရီ ၁၉ ရက်မှာ သွားရောက်ပြီး နယ်မြေရှင်းလင်းရာက အနံ့ထွက်လာလို့ ဖော်ကြည့်ရာ စစ်ကောင်စီအလောင်း ၄ လောင်း လောက် တွေ့ရှိခဲ့ပြီး ကျင်းနက်နက်တူးပြီး မြှုပ်ခဲ့တာဆိုတော့ အောက်ထဲအထိ မဖော်တော့ဘူးလို့ ဆိုပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီကျော်ကလည်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံ အတီးက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်တာကြောင့် မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘဲ PPDF ရဲဘော်တွေဘက်ကတော့ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ညက လှည့်ကင်းထွက်လာတဲ့ ရဲတွေ တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၁ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
ပခန်းငယ်ရဲစခန်းက လှည့်ကင်းထွက်လာတဲ့ ရဲတွေကို မနေ့ည ၈ နာရီလောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ရေခဲက ပြောပါတယ်။
တိုက်ပွဲဖြစ်ချိန်မှာ သေဆုံးသူမရှိပေမဲ့ ဒဏ်ရသူတွေ ရှိနိုင်ပြီး ညဘက်ဆိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်ရေခဲက ပြောပါတယ်။
အခုဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။