သန်လျင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေက အပြင်ကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြယာရိုးကျေးရွာမှ ရာအိမ်မှူးဌေးလွင်ကို မနေ့ ညနေက အပြင်ကနေ ဆိုင်ကယ်နဲ့ပြန်လာချိန် လမ်းခုလတ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"မနေ့ညနေက အပစ်ခံရတာ၊ မသေချာမှာစိုးလို့ ပစ်တဲ့သူကမေးပြီးမှ ပစ်သွားတာ။ အပစ်ခံရပြီးတော့ ရေတပ်က စစ်သားတွေနဲ့ ရဲတွေ ရောက်လာတယ်။ ဆေးရုံကိုပို့ပြီး လမ်းပိတ်ပြီး စစ်တာ။"
သေနတ်နဲ့ပစ်ခတ်ခံရသူ ရာအိမ်မှူးဌေးလွင်မှာ သန်လျင်မြို့နယ်အခြေစိုက်ရေတပ်ထဲမှာ စစ်သင်တန်းတက်ထားသူတဦးဖြစ်သလို မကြာသေးမီက စစ်ကောင်စီက ချပေးထားသော သေနတ်ကိုင်ခွင့်ရသူတဦးလည်းဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
"သတင်းတွေကြားနေတာ ကိုဌေးလွင်တို့အုပ်စုတွေ သေနတ်ရတယ်ဆိုပြီး။ သေနတ်က လူတိုင်းမရဘူး၊ စစ်တပ်နဲ့ပတ်သက်တဲ့သူမှ တကယ်သေနတ်ရထားမယ်ဆိုရင်တောင် အခုလောက်ဆို စစ်တပ်က ပြန်သိမ်းသွားပြီ။"
စစ်ကောင်စီက ချထားပေးတဲ့ သေနတ်ရပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို စိန်ခေါ်ခဲ့တဲ့အတွက် ရာအိမ်မှူးဌေးလွင်ကို အခုလို ရှင်းလင်းခဲ့တာလို့ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပကဖ)ကထုတ်ပြန်ထားပါတယ်။
မနေ့ညက ပစ်ခတ်မှုဖြစ်ပြီးနောက် ဒီနေ့မနက် သန်လျင်မြို့အဝင်မှာ ရေတပ် စစ်ကောင်စီရေတပ်က အိမ်စီးကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သန်လျင် အောင်ချမ်းသာရပ်ကွက်မှာ စစ်ကောင်စီနဲ့ပေါင်းပြီး နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးရာမှာပါဝင်တဲ့ ရေတပ်က အငြိမ်းစားတပ်ကြပ်ကြီးတဦးကိုလည်း ဖေဖော်ဝါရီ ၇ ရက်က သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ပကဖ)ကပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။