စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာရှိတဲ့ မြို့နယ်တရားရုံးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့က မီးပုလင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ကလေးမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်ကာ စစ်ဆေးနေပြီး စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ ကလေးမြို့တရားရုံးကို မီးပုလင်းနဲ့ ပစ်ခတ်သတိပေးခဲ့တာလို့ မြို့ပြ UG အဖွဲ့က ပြောပါတယ်။
အဆိုပါ မီးပုလင်းဖြင့်ပစ်ခတ်မှုကြောင့် တရားရုံးဝင်းအတွင်းရှိ အမှုဖြစ်ပွားရာ သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေနဲ့ သစ်သားခြံစည်းရိုးမီးလောင်သွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေက မီးလာရောက်ငြိမ်းသတ်ခဲ့တယ်လို့ တရားရုံးအနီးပတ်ဝန်းကျင် ဒေသခံတွေက ပြောပါတယ်။
မြို့နယ်တရားရုံးမီးပုလင်းနဲ့ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ PDF တွေက အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပြီး လူ၊အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီ မြို့နယ်တရားရုံးကို ပြီးခဲ့တဲ့နှစ်ကလည်း ကလေးမြို့ပြပြောက်ကျားအဖွဲ့က မီးပုလင်းတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က ဟင်္သာကြီးရွာမှာ တောင်လှတောင်ပေါ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်PRF) က သိရပါတယ်။
တောင်လှတောင်ပေါ်မှာ တပ်စွဲနေတဲ့ စစ်တပ်ကို တိုက်ခိုက်ရာက နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ညီဇင်က ပြောပါတယ်။
"ရန်သူဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေချိန် ကျနော်တို့ ရဲဘော်တွေ စနိုက်ပါနဲ့ တချက် ပစ်လိုက်တာ ပျူတကောင် ထိသွားတယ်။ နောက်တော့ သူတို့ဘက်က စက်လက်တွေ၊ လက်နက်ကြီးတွေနဲ့ တရစပ်ပြန်ပြီး ပစ်ခတ်လို့ အပြန်အလှန်တိုက်ပွဲဟာ တနာရီကျော် ကြာပါတယ်။ မကြာခဏ ထိတွေ့နေတာဖြစ်ပြီး ကျနော်တို့ကလည်း အတတ်နိုင်ဆုံး ခုခံကာကွယ် နေပါတယ်"
တိုက်ပွဲဖြစ်ပွားနေစဥ် စနိုက်ပါထိမှန်ကာ ပျူစောထီး တယောက် ကျဆုံးပြီး တိုက်ပွဲပြီးချိန်မှာ လည်း ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်မိုင်းထိမှန်ပြီး ပျူစောထီးတယောက် ထပ်မံ ကျဆုံးတယ်လို့ သိရပါတယ်။