လှိုင်မြစ်ထဲမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေပိုင်းက ရေနစ်ပြီး ပျောက်ဆုံးသွားတဲ့ အင်းစိန် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းက ၇ တန်းကျောင်းသား ၂ ဦးကို ခုထိ ပြန်မတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၇ တန်းကျောင်းသား ၄ ဦးဟာ ဖေဖော်ဝါရီ ၁၆ ရက် ညနေက ခြင်းခတ်ပြီး ရေဆင်းကူးရာမှ ၂ ဦးရေနစ်ပျောက်ဆုံးနေတာလို့ အခင်းဖြစ်နေရာအနီး နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကောင်လေးတယောက် ရေနစ်လို့ နောက်တယောက်က ဆင်းကယ်တာ။ နောက်ကလေးတဦးက ခုန်ဆင်းသွားတယ်၊ ဆင်းသွားတဲ့ ကလေးရေမကူးတတ်ဘူး၊ ဆင်းကယ်တဲ့ ကောင်လေးက မတွေ့လို့ ပြန်တက်လာတော့ အရင်နစ်တဲ့ ကလေးရော နောက်ခုန်ချတဲ့ ကလေးရော မတွေ့တော့ဘူး၊ နောက်မှ လူကြီးတွေကိုခေါ်တာ။"
ကလေးငယ် ၄ ဦးဟာ မုဒိတာအိမ်ရာ ၂ ဆန်စက်လမ်းအနီး အင်းစိန်ကမ်းနား လှိုင်မြစ်အတွင်းမှာ ရေဆင်းကူးရင်း ၂ ဦးရေနစ်သွားပြီး အခုချိန်ထိရှာမတွေ့သေးတာလို့ မိသားစုဝင်တဦးကဒီဗွီဘီကို ပြောပါတယ်။
"ဖြစ်စဥ်က သူငယ်ချင်းတွေနဲ့ ကမ်းနားမှာခြင်းခတ်ပြီး ရေဆင်းကူးပြီးပြန်အတက် ဒေသခံရဲ့ ပြောပြချက်အရနော် ကျမတို့က အိမ်မှာပဲရှိတာ။ အောင်ပြည်စုံက မျက်နှာသစ်မယ်ဆိုပြီး ထပ်ဆင်းရင်းနစ်သွားတာ။ ကိုရဲဆိုတဲ့ကောင်လေးက လိုက်ကယ်တယ် မရဘူး၊ ကိုရဲပြန်တက်လာတော့ ချစ်ထူးအောင်ဆိုတဲ့ ကောင်လေးပါ ခုန်ချသွားတယ်ဆိုတာ သိတာ၊ ၂ ဦးစလုံး နစ်သွားတာ။"
ကလေး ၂ ဦးရေနစ်ပြီးနောက် ကျန်ကလေး ၂ ဦးက နီးစပ်ရာ လူကြီးတွေကို အသိပေးပြီး မီးသတ်တပ်ဖွဲ့ကို အကြောင်းကြား ရှာဖွေခဲ့ပေမဲ့ မတွေ့သေးဘူးလို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
လှိုင်မြစ်ထဲမှာ ရေနစ်ပျောက်ဆုံးနေသူ ၂ ဦးမှာ အင်းစိန်အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှ ၇ တန်ေကျောင်းသားတွေဖြစ်ပြီ ဖော့ကန်ရပ်ကွက်နေ မောင်အောက်ပြည်စုံနဲ့ မုဒိတာအိမ်ရာအနီးနေ မောင်ချစ်ထူးအောင်တို့ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
လက်တလောမှာ မိသားစုဝင်တွေဟာ ရေငုပ်သမားတွေနဲ့ စက်လှေနှစ်စီးကို ငှားရမ်းကာ ကြည့်မြင်တိုင်နဲ့ ဘုရင့်နောင်တံတားဘက်မှာ ဒီနေ့မနက် ရှာဖွေနေတယ်လို့ သိရပါတယ်။