တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ခဲချောင်းကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးပေါ် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီမှာ မနိုးရုံးကျေးရွာကာကွယ်ရေးအဖွဲ့က စစ်ဆေးရေးလုပ်နေစဉ် ခရီးသည်တင်ကားတစ်စင်းကို ပစ်ခတ်ခဲ့တာကြောင့် နှစ်ယောက် သေဆုံးသွားတယ်လို့ မနိုးရုံးကျေးရွာကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
ပစ်ခတ်မှုကြောင့် မိုင်းသွေးနဲ့ အုတ်ဖိုမော်ရွာနေ အသက် ၂၁ နှစ်အရွယ် မပြည့်ဝါဆိုနဲ့ အသက် ၉ နှစ် အရွယ် ပြည့်ဖြိုးအောင်တို့ ကျောချင်းပေါက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။
မနိုးရုံးကျေးရွာကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက “ကျနော်တို့အဖွဲ့ လမ်းပေါ်မှာ စစ်ဆေးနေချိန် ကားတစ်စင်းက အရှိန်နဲ့ကျော်ပြီးမောင်းသွားတော့ စစ်ကားလို့ထင်ပြီး ပစ်လိုက် မိတာပါ။ ထိခိုက်သွားတဲ့ ကလေး ၂ ယောက်ကို အချိန်မီဆေးရုံကို ပို့ဖို့ ကြိုးစားပေမယ့် လမ်းမှာ တင်ဆုံးသွားပါ။ သေဆုံးသွားတဲ့ ကလေးတွေအပေါ် မှားယွင်း ပစ်ခတ်မှုကြောင့် လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်”လို့ ဆိုပါတယ်။
ခရီးသည်ကားလိုင်းနာမည်မှာ ရွှေညီကိုဖြစ်ပြီး ကော့သောင်းဘက်ကနေ မြိတ်ဘက်ကို လာတယ်လို့ သိရပါတယ်။
ခရီးသည်ကားတွင်ပါလာသော အမျိုးသမီးတဦးက “ကားထဲမှာပါလာတဲ့ အဖွားအိုက ကားကို နားခိုင်းပေမယ့် ကားသမားက ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို မမြင်ဘဲ အရှိန်နဲ့ မောင်းနေတာပါ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မသင်္ကာလို့ ပစ်လိုက်တာပါ”လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ အနီးကပ်သွားတာမလုပ်ဖို့၊ မော်တော်ယာဉ်တွေ တံခါးမှန်ဖွင့်မောင်းကြဖို့နဲ့ မော်တော်ယာဉ်ကို အမိုးအကာ(တာလပတ်)အပြည့်ဖုံးအုပ်မထားဖို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။