Home
မြန်မာသတင်း
သက်တမ်းပြည့် MoU လုပ်သားများ နေရပ်မပြန်လိုဘဲ ထိုင်းတွင် ဆက်အလုပ်လုပ်ခွင့်ရရေး အကူအညီတောင်း
lusane
·
February 17, 2023
331593050_1654453278325547_4994426264504519057_n

မြန်မာနိုင်ငံက MoU လုပ်သားတွေဟာ အလုပ်လုပ်ကိုင်ခွင့် စာချုပ်သက်တမ်းပြည့်လို့ မိမိနိုင်ငံကို ပြန်ရမှာဖြစ်ပေမဲ့ နေရပ်မပြန်လိုဘဲ ထိုင်းနိုင်ငံမှာ ဆက်အလုပ်လုပ်ခွင့်ရရေး အကူအညီ တောင်းခံနေတကြတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့  နိုင်ငံရေး အခြေအနေ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးနေမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် သူတို့ဟာ နေရပ် မပြန်လိုဘူးလို့ သိရပါတယ်။

အဲဒါကြောင့် လုပ်သားတော်တော်များများဟာ မိမိတို့ရဲ့ အလုပ်ရှင်တွေဆီ တိုက်ရိုက်ပြော ဆိုတာမျိုး ရှိသလို အလုပ်သမားအဖွဲ့တွေက တဆင့်လည်း အကူအညီ တောင်းခံတာတွေ ရှိတယ်လို့ AAC အလုပ်သမာကာကွယ်စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့၊ တာဝန်ရှိသူ ကိုရဲမင်းက  ပြောပါတယ်။

"ကျနော် LPN Foundation နဲ့ ပူးပေါင်းပြီး ၄ နှစ်ပြည့် အမ်အိုယူ လုပ်သားတွေ အိမ်မပြန်ရရေးကို ထိုင်းအစိုးရတွေထံ ဒီကိစ္စကို ကတ်ဘိနက်ထိ ဆွေးနွေးဖို့အထိ တွန်းအားပေး ထားတာ ရှိနေပါတယ်။ ဆက်လက် လုပ်နေပါတယ်။ အောင်မြင်ဖို့ များပါတယ်။ ၂ လပိုင်းကနေ ၆ လပိုင်းအထိ ကုန်မယ့်သူတွေ ရက်ရွှေ့ဆိုင်းမှာတွေ၊ နောက်ထပ် အချိန် ၆ လထပ်ပေးမယ်ဆိုတဲ့ ပုံစံတွေ ထပ်ကြားသိရပါတယ်။ ကတ်ဘိနက်ကနေ တရားဝင် စာထုတ် ပြောမယ့်အချိန်ကို စောင့်နေရတာ"

ထိုင်းရောက် MoU လုပ်သားတွေဟာ တရားဝင် လာရောက်ကြပေမယ့်လည်း လုပ်ခလစာ ပြဿနာ၊ အလုပ်ချိန် အချိန်ပိုကိစ္စ၊ စာချုပ်ပါအလုပ်တိုင်း မလုပ်ကိုင်ရတာ၊ အလုပ်လက်မဲ့ ပြဿနာ စတဲ့ အလုပ်သမားရေးကိစ္စတွေကို နေ့စဉ် ဖြေရှင်းပေးနေရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

သက်တမ်းပြည့်ပြီး နေရပ်မပြန်လိုတဲ့ MoU လုပ်သားတွေအတွက် ထိုင်းအစိုးရထံ တင်ပြ ထားပေမယ့် တိကျတဲ့အဖြေ မသိရသေးဘူးလို့ ဘန်ကောက်အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ  ဦးအောင်ကျော်က  ပြောပါတယ်။

"၄နှစ်ပြည့်၊ ၆ နှစ်ပြည့်တွေ အိမ်မပြန်ချင်ဘူးဆိုတာ ထိုင်းအစိုးရကို တင်ပြထားတယ်။ ဒါကိုလည်း ထိုင်းအစိုးရ ကတ်ဘိနက်မှာ အဖြေရှာပြီး စဉ်းစား ဆွေးနွေးပေးမယ်ဆိုတာကလွဲရင် တိပ သေချာတဲ့ အဖြေရှာလို့ မရသေးဘူး။ ဒီထဲမှာ ပြီးမြောက်ပြီးသား လုပ်သားတွေ၊ ကိုယ့်ကိုယ်ကိုယ် ပြန်လို့ရတယ်လို့ ယူဆသူအချို့က ပြန်သွားကြပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် နေထိုင်သွားမယ်ဆိုတဲ့ သူတွေက တရားမဝင် ဆက်နေသွားသူတွေ ရှိတယ်။ ဒါတွေက အမှန်တကယ်တော့ စိတ်မကောင်းစရာပါ။ တရားဝင် စနစ်ကနေ တရားမဝင်စနစ်ကို တွန်းပို့လိုက်သလို ဖြစ်နေပါတယ်။"

MoU စနစ်နဲ့ ထိုင်းမှာ အလုပ်လုပ်ကိုင်ကြသူတွေဟာ တနင်္သာရီ၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့က အများဆုံး လာရောက်ကြပြီး ထိုင်းက အလုပ်ရုံ၊ စက်ရုံ တွေမှာ အလုပ်လုပ်ကိုင်ကြပါတယ်။ 

လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားပေါင်း ၅ သန်းနီးပါး ရှိပြီလို့ အလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ၂ နှစ်တာ ရပ်နားခဲ့တဲ့ ထိုင်း-မြန်မာ MoU အလုပ်သမား ခေါ်ယူတာတွေ ကို ၂၀၂၂ မေလမှာ ပြန်စတင်ခဲ့ပါတယ်။ 

၂၀၂၂ မေလကနေ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံကို တရားဝင် MoU အလုပ်သမားဦးရေ ၉၀၀၀၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013