ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ စိန်ပန်းလမ်းရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ချိတ်ပိတ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကမာကဆစ်ရပ်ကွက် စိန်ပန်းလမ်းမှာ အမျိုးသမီးတဦးကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုပြီးနောက် အိမ်ကို လာချိတ်ပိတ်တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ အမှိုက်ပုံတခုမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ဗုံးပေါက်ကွဲခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး ပါဝင်သူလို့ စစ်ကောင်စီတပ်က စွပ်စွဲပြီးနောက် နေအိမ်ကို ချိတ်ပိတ်ခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဲရယ်၊ ထွေအုပ်ရယ်၊ စသုံးလုံးရယ် လာပိတ်တာ။ စစ်တပ်လည်းပါတယ်။ ဗီနိုင်းတွေကပ်တယ်၊ ဓာတ်ပုံတွေလည်းရိုက်တယ်။”
ချိတ်ပိတ်ခံရတဲ့နေအိမ်မှာ ကမာကဆစ်ရပ်ကွက်၊ စိန်ပန်းလမ်း၊ အိမ်အမှတ် ၆၄ နေ မစမ်းစမ်းအေး ဆိုသူရဲ့နေအိမ် ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“အဲ့ဒီအမကို မတွေ့တာကြာပြီ။ အဖမ်းခံရတာလား၊ ရှောင်နေတာလားမသိဘူး။ အဲ့ဒီနေ့က ရပ်ကွက်ထဲမှာ စစ်တပ်က အိမ်လာချိတ်ပိတ်တယ်ဆိုတော့ မေးကြည့်မှ အဲ့ဒီအမအိမ် ဖြစ်နေတယ်။”
ဒလမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဒလန်တွေ သေဆုံးခဲ့ပါတယ်။