ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၁၆ ရက် ညက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းပါ တိုက်ခိုက်ခဲ့လို့ စစ်ရှောင်စခန်း ၁၅ ခုက အမိုးအကာတွေ ပျက်စီးသွားတာကြောင့် စစ်ရှောင်တွေအနေနဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူ တဦးက ပြောပါတယ်။
“မိုးက သည်းထန်သလို လေပြင်းပါတိုက်တော့ အမိုးနဲ့အကာ ပျက်စီးသွားတာဖြစ်ပြီး တဲအိမ်တွေ က ကြာနေတာဆိုတော့ ဆွေးနေသလို ခုလို မိုးကြီးလေကြီးနဲ့ဆိုတော့ ပျက်စီးမှုတွေရှိတာ ဖြစ်တယ်”
လက်ရှိ ငြိမ်းတောင်နဲ့ ဟန်စိုက် စစ်ရှောင်စခန်းမှာ တဲ ၄၂ လုံးရဲ့ အမိုးအကာတွေ ပျက်စီးသွားလို့ အရေးပေါ် အမိုးအကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် တခုလုံးဆိုပါက စခန်း ၁၅ ခုလောက် ပျက်စီးခဲ့ပြီး အဲဒီထဲမှာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ပါသလို လက်ရှိအချိန်ထိလည်း မိုးရွာနေတုန်းပဲလို့ ဆိုပါတယ်။
ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ စစ်ရှောင်စခန်း စုစုပေါင်း ၃၇ ခုအထိရှိပြီး အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည်တွေ လိုအပ်နေသလို ကျန်းမာရေးစောင့်ရှောက်မှုတွေပါ လိုအပ်နေ တယ်လို့ ဆိုပါတယ်။