ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေဝါ ၂ လမ်းထိပ်အနီးမှာ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၄ နာရီ ၃၅ မိနစ်က တက္ကစီနဲ့ တွဲကား တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် တက္ကစီပေါ်က ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးကို အင်းစိန်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတခုကနေ သိရပါတယ်။
အဆိုပါ တက္ကစီကို ရန်ကုန်ဆေးရုံကြီးကနေ အင်းစိန်အထိ ငှားလာတာလို့ သိရပြီး လမ်းမဘေးရပ်ထားတဲ့ တွဲကားကို အနောက်ကနေ ဝင်တိုက်မိလို့ ကားပေါ်ပါ အသက် ၇၅ နှစ်အရွယ် လူနာအမျိုးသား အပါအဝင် အမျိုးသား ၄ ဦး (မစိုးရိမ်ရ)၊ အမျိုးသမီး ၁ ဦး (စိုးရိမ်ရ) ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ တွံတေးကနေ ရန်ကုန်ဆေးရုံကြီးကို လူနာလာပြသူတွေဖြစ်ပြီး အမျိုးအိမ်မှာ အနားယူဖို့ လာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တက္ကစီယာဉ်မောင်း ကတော့ ထွက်ပြေးသွားပါတယ်။
“သူတို့ တွံတေးကနေ ရန်ကုန်ဆေးရုံကြီးကို မိသားစုဝင်တွေက သူ့အဖေကို ဆေးရုံလာပြတာ။ ဆေးရုံကနေ အဆင်ပြေတယ်၊ တင်စရာမလိုဘူးဆိုလို့ သူတို့သမီးအိမ် (က) ရပ်ကွက်က အိမ်ကို တွံတေးမပြန်ခင် လာနားတာ။ ဆေးရုံကြီးကနေ တက္ကစီငှားလာတဲ့လမ်းမှာ ရွှေဝါ ၂ လမ်းထိပ်က တွဲကားကြီးကို တက္ကစီက အနောက်ကနေ ဝင်ဆောင့်တာ။ လူနာသွားခေါ်တဲ့အချိန်မှာ ကားသမားကတော့ မရှိတော့ဘူး၊ ထွက်ပြေးသွားပါပြီ။ လူနာ ကျား ၄ ဦး၊ မ ၁ ဦး ထွက်ပါတယ်” လို့ အင်းစိန်အခြေစိုက် လူမှုကူညီရေးအသင်းတခုက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ဘုရင့်နောင်လမ်းမကြီး၊ ပိတောက်လမ်းထိပ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ အမျိုးသား ၁ ဦး ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ ( တွဲလက်လူမှုကူညီရေးအသင်း )