ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ပင်လယ်ထဲ ၁ လနီးပါး ပျောက်ဆုံးနေတဲ့ ငါးဖမ်းလှေ ၁ စီးပေါ်က မြန်မာနဲ့ ထိုင်း ရေလုပ်သား ၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖူးကက်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။
ဆွဲ့စကွန်းဖစ်ချ် အမည်ရှိ အရပ်သားငါးဖမ်းလှေ ၁ စီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ပင်လယ်ထဲ ငါးဖမ်းထွက်သွားခဲ့ပြီးတဲ့နောက် ကျန်ရစ်သူမိသားစုနဲ့ အဆက်အသွယ်ပြတ်သွားလို့ ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းထားတာပါ။
သက်ဆိုင်ရာတာဝန်ရှိသူနဲ့ ကယ်ဆယ်ရေးအဖွဲ့က သူတို့လှေကို နေ့စဉ်ရက်ဆက်ရှာဖွေနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းက အမှတ် ၃ တော်ဝင်ရေတပ်မတော်ရဲ့ DO-228 ဒရုန်းကနေ အဆိုပါငါးဖမ်းလှေကို ဖူးကက်ကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၀ ကျော် အကွာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တော်ဝင်ရေတပ်က ဆရာဝန်နဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ ဟယ်လီကော်ပတာနဲ့ သွားရောက်ပြီး ကနဦးကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။
အဆိုပါငါးဖမ်းလှေပေါ်မှာ ထိုင်းလှေသူကြီး ၁ ဦး၊ ရေလုပ်သား ၁ ဦး နဲ့ မြန်မာရေလုပ်သား ၂ ဦး စုစုပေါင်း ၄ ဦး ပါရှိပြီး ပင်လယ်ထဲမှာ စက်ချို့ယွင်းသွားလို့ ခုတ်မောင်းလို့မရတော့ဘဲ ရက်အတန်ကြာ မျောနေတာလို့ ဆိုပါတယ်။
အဲဒီနောက် ကယ်ဆယ်ရေးအဖွဲ့က စဘိဘုတ်လှေနဲ့ သူတို့ကို အရင်ကမ်းပေါ်ခေါ်တင်လာပြီး ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ စက်ချို့ယွင်းတဲ့လှေကိုလည်း ပြန်ဆွဲလာခဲ့ပါတယ်။
ပျောက်ဆုံးရေလုပ်သား ၄ ဦး ကမ်းပေါ်ရောက်ချိန် သူတို့ဇနီးသားသမီးနဲ့ ဆွေမျိုးတွေက ဝမ်းသာအားရ လာရောက်ကြိုဆိုကြပြီး ၄ ဦးလုံး ပင်ပန်းနွမ်းနယ်တာကလွဲလို့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ သတင်းမှာ ဖော်ပြသွားပါတယ်။