ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ဝါရှောင်အပန်းဖြေစခန်းကို လာရောက်လည်ပတ်စဉ် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ခေါ်ဆောင်သွားတဲ့ လူငယ် ၁၃ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ ဝါရှောင်အပန်းဖြေစခန်းကို သွားရောက်လည်ပတ်တဲ့ လူငယ်အယောက် ၂၀ ကို ကေအိုင်အေက လူသစ်စုဆောင်းဖို့ ခေါ်ဆောင်သွားပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ လူငယ် ၁၃ ဦးကို ပြန်လွှတ်ပေးတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဝါရှောင်ကျေးရွာ ဒေသခံတစ်ဦးက "ချစ်သူများနေ့မှာ ဝါရှောင်အပန်းဖြေစခန်းကို လာလည်ရင်း ကေအိုင်အေက လူသစ်စုဆောင်းချိန်နဲ့တွေ့ပြီး ခေါ်ဆောင်သွားတာပါ။ အားလုံးပေါင်း လူငယ် အမျိုးသား အမျိုးသမီး အယောက် ၂၀ လောက်ရှိတယ်။ လူငယ်တွေ ပါသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဝါရှောင်ဆရာတော် ဘုန်းဘုန်းက ကေအိုင်အေနဲ့ ချိတ်ဆက်ကူညီပေးလို့ လူငယ် အမျိုးသား အမျိုးသမီး ၁၃ ဦး ပြန်လည်လွတ်မြောက်လာပါပြီ "လို့ ပြောပါတယ်။
ဝါရှောင်အပန်းဖြေစခန်းသွားရာလမ်းနဲ့ ဝါရှောင်အပန်းဖြေစခန်းက စားသောက်ဆိုင်မှာ ကေအိုင်အေက ခေါ်ဆောင်သွားတဲ့ လူငယ်တွေထဲမှာ ရှမ်းလူငယ်နဲ့ ကချင်လူငယ်တွေ ပါဝင်ပြီး ရှမ်းလူငယ် ၁၃ ဦး ပြန်လွတ်လာတာဖြစ်ပြီး ကျန်တဲ့ ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။
မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ရှိ မြစ်ဆုံအပန်းဖြေစခန်း။ အောင်မြင်သာအပန်းဖြေစခန်း ကချင်ချောင်းသာအပန်းဖြေစခန်း၊ ဝါရှောင်အပန်းဖြေစခန်း စတဲ့နေရာတွေမှာ မိသားစုအပန်းဖြေခရီးထွက်ခြင်း ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ လူငယ်တွေအစုအဖွဲ့လိုက် သွားရောက်လည်ပတ်လေ့ရှိတာပါ။
စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေရှိလာတာနဲ့ နိုင်ငံရေး တည်ငြိမ်မှုမရှိတာကြောင့် အပန်းဖြေစခန်းတွေကို သွားရောက်လည်ပတ်သူတွေ အလွန်နည်းပါးသွားပါတယ်။