ဖေဖော်ဝါရီ ၁၅ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၄၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး မုံရွာမြို့နယ်မှာလည်း စစ်ကောင်စီ တပ်တွေကို PDF က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကောလင်းနဲ့ ရွှေဘိုမြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး မတ္တရာမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ဘက်က ၁၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒေသခံတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။