ပုစွန်ခြောက်တွေ ဈေးကောင်းရလာပေမဲ့ ဒီဇယ်ဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ရှိ ပင်လယ်ဒေသတွေက ရေလုပ်ငန်းရှင်တချို့မှာ အမြတ်ငွေ သိပ်မကျန်ဘဲ လုပ်ငန်းအခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုစွန်ခြောက်ဈေးနှုန်းတွေ ပြီးခဲ့တဲ့နှစ်ကစပြီး ဈေးကောင်းရရှိခဲ့ပေမဲ့ အလုပ်သမားငှားရမ်းခတွေ ပေးဆောင်ရတဲ့အပြင် လုပ်ငန်းမှာ အသုံးပြုတဲ့ ဒီဇယ်ဆီဈေးနှုန်းတွေ အဆမတန် မြင့်မားလာတာကြောင့် လုပ်ငန်းလုပ်ကိုင်သူတချို့ အခက်အခဲရှိနေတယ်လို့ ပုစွန်ခြောက်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
“ဈေးက တက်လာတယ်ဆိုပေမဲ့ ဒီဇယ်ဆီဈေးက အဆမတန် တက်နေပြီးတော့ အလုပ်သမားခတွေကလည်း ရှိသေးတယ်လေ။ အဓိကတော့ ဒီဇယ်ဈေးတွေ အဆမတန် တက်နေလို့ပါ။ ရွာမှာက အားလုံးက ရေလုပ်ငန်းပဲ လုပ်ကိုင်နေကြတော့ စက်လှေတွေ အဓိကအသုံးပြုနေရတာပေါ့လေ။ ပုစွန်ပိုက်ဆွဲဖို့ ပင်လယ်ထွက်ရင် စက်လှေတွေနဲ့ ထွက်ရတော့ ရလာတဲ့ ပုစွန်တွေနဲ့ သွားရတဲ့ခရီးစရိတ်က မကိုက်ဘူးဖြစ်နေတယ်” လို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပုစွန်ခြောက်ဈေးနှုန်းဟာ အရင်က တပိသာ ကျပ် ၃၀,၀၀၀ ကျော်သာ ရရှိပေမဲ့ ပြီးခဲ့တဲ့နှစ်ကစပြီး တပိသာကို ကျပ် ၆၀,၀၀၀ ကျော်အထိ ဈေးကောင်းရရှိလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇယ်ဆီဈေးနှုန်းမှာ စစ်အာဏာမသိမ်းခင်က ၅၅ ဂါလံပါတဲ့ ဒီဇယ်ဆီ တပီပါကို ကျပ် ၂ သိန်းခန့်သာ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဒီဇယ်ဆီတပီပါကို ကျပ် ၇ သိန်းကျော်အထိ ဈေးနှုန်းထိုးတက်လာတယ်လို့ သိရပါတယ်။