ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၃၂ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၁ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာတော့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို PDF တွေက ပစ်ခတ်ခဲ့ကြပြီး ကနီမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ ရိက္ခာပို့ကား ၆ စီးကို PDF က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မုံရွာမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တို့က ၁၂၀ မမနဲ့ ပစ်ခတ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲတွေ ပြင်း ထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ရေးမြို့နယ်မှာတော့ စစ်ကောင်စီ ခြေလျင်ဂိတ်စခန်းတခု ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး တနင်္သာရီမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ PDF တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။