တနင်္သာရီတိုင်း၊ မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေရှိ ပါရမီရပ်ကွက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နဲ့နံပြားကျွေးတဲ့ ဇနီးမောင်နှံနှစ်ဦး ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပါရမီရပ်ကွက်မှာ နေထိုင်သူတဦးက “လင်မယားနှစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာပဲ လာဖမ်းသွားတယ်။ ခေါ်ယူစစ်ဆေးပြီး နေ့ချင်းပဲ ပြန်လွှတ်လိုက်တယ်။ လာဖမ်းတဲ့သူတွေကို ပိုက်ဆံပေးလိုက်ရတယ်လို့လည်း ကြားတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး” လို့ ပြောပါတယ်။
မြိတ်မြို့မှာ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် တချို့နေအိမ်တွေကလည်း ပေါ်ပေါ်ထင်ထင် ပဲပြုတ်နံပြားကျွေးတာမျိုး မလုပ်ဘဲ နီးစပ်ရာ အသိမိတ်ဆွေလောက်ပဲ ကျွေးမွေးတာမျိုးတွေ လုပ်ခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ မွေးနေ့မှာ သူကြိုက်တဲ့ ပဲပြုတ်နံပြားကို အမှတ်တရအဖြစ် ကျွေးတာဟာ နှောင်းလူတွေ မမေ့အောင်လို့ ကျွေးတာလေ။ ကုသိုလ်လည်းရအောင် လုပ်တဲ့ကိစ္စဆိုတော့ ဖမ်းဆီးစစ်ဆေးတာမျိုးလုပ်တာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ အရင်အစိုးရ လက်ထက်တုန်းက ကြိုက်သလို ကျွေးမွေးလို့ရတယ်” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်ပြီး NLD အစိုးရလက်ထက်က မြိတ်မြို့ရှိ ရပ်ကွက်တွေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ကျွေးလေ့ရှိပြီး အခု အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ဒေသခံတွေရဲ့ ဝေဖန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။