တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(MNSP) နဲ့ စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ဟာ နေပြည်တော်မှာ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးပွဲကို စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲ ပထမနေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အခြေခံကျတဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ရေးအတွက် နှစ်ဖက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ထပ်မံဆွေးနွေးသွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး တက်ရောက်ဆွေးနွေးရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေထံ ဒီဗွီဘီက ၅ ကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိဘူး။
မွန်ပြည်သစ်ပါတီကတော့ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရတာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ကြိုးပမ်းတာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောဆိုထားပါတယ်။
မွန်တော်လှန်ရေးအင်အားစုတွေကတော့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးနေတာဟာ တိုက်ပွဲရှောင်လွှဲဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့က NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လေးကြိမ်မြောက် တက်ရောက်ဆွေးနွေးတာ ဖြစ်ပါတယ်။