ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ ဒေသခံတချို့ မိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မိုင်းနင်းမိတဲ့ ဒေသခံအများစုက ဆင်းရဲနွမ်းပါးကြတာကြောင့် ဆေးဝါးကုသဖို့ အလှူငွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ကျေးရွာသူ မဝင်းမာဟာ တောထဲ ထင်းသွားခုတ်ရင်း မိုင်းနင်းမိခဲ့ရာကနေ ဘယ်ခြေတဖက် ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဖြတ်ခဲ့ရပြီး ယာပေါင်နဲ့ ယာလက်တွေကအစ မိုင်းယမ်းမှုန့် ထိမှန်ဒဏ်ရာတွေနဲ့ လမ်းကူးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
၂၀၂၂ ခုနှစ် ၁၀ လပိုင်းကလည်း မဝင်းမာရဲ့ အမျိုးသားဖြစ်သူ စောတီးတီဟာလည်း ခြံသွားရင်း မိုင်းနင်းမိလို့ နေပြည်တော်ဆေးရုံအထိ သွားရောက် ဆေးကုသမှာ ခံယူခဲ့ရပါတယ်။
စောတီးတီတော့ ပြင်းထန်ဒဏ်ရာအခြေအနေ မဟုတ်တဲ့အတွက် ယာခြေမပဲ ဖြတ်ခဲ့ရပါတယ်လို့ အနီးကပ် ကူညီပေးသူက ပြောပါတယ်။
မ၀င်းမာက "ကလေးတဖက် စားဝတ်နေရေးတဖက် မိသားစုအရေး ရုန်းကန်နေရတဲ့အချိန် အခုလိုဝေဒနာပြင်းထန်စွာ ခံစားနေရတော့ ၀င်ငွေလည်း မရှိတော့ဘူး။ ယောက်ျားလည်း အရင်က မိုင်းထိထားတော့ ပင်ပန်းတဲ့အလုပ် သိပ်မလုပ်နိုင်တော့ဘူး။ ဆေးကုသဖို့ ဆေးဖိုးဝါးခလည်း လိုအပ်နေတယ်" လို့ ပြောပါတယ်။
မြန်မာပြည်တွင်းမှာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်မှာ မြေမြှုပ်မိုင်းတွေကြောင့် တိုင်းရင်းသားဒေသတွေမှာ ဒေသခံတွေ မကြာခဏမိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာလည်း မြေမြှုပ်မိုင်းထိသူတွေ ပိုမိုများပြားလာပါတယ်။