တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ် ရေဖြူမြို့နယ်၊ မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၃ ဦးနဲ့ ထားဝယ်မြို့မှ ဆက်စပ်သူ၂ဦး စုစုပေါင်း ၅ ဦး ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီ မူးယစ်ဆေးဝါးအလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီ CCDAC Myanmar က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်မှာ ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့လာတဲ့ ခရီးသည်တင်ယာဉ်တစီးကို စစ်ဆေးရာ ကားပေါ်တွင်လိုက်ပါလာသူ ဇင်ကိုဦးထံမှ ကာလတန်ဖိုးကျပ် ၆၂၈ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးပြား ၂၇၃၀၅ ပြား ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်အရ ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်၊ခွာညို ၃ လမ်းမှာ အောင်မင်းသူကို ထပ်မံဖမ်းဆီးရမိ ပါတယ်။
ဖေဖော်ဝါရီ ၃ ရက်ကလည်း ရေးမြို့ဘက်ကလာတဲ့ ခရီးသည်ယာဉ်ပေါ်မှာ အသက် ၄၄ နှစ်အရွယ် ထွန်းရွှေမြင့် သယ်ဆောင်လာတဲ့ အလေးချိန် ၄ ဒသမ ၇ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၁,၂၆၉ တန်ဖိုးရှိ အက်ဖက်တမင်း စိတ်ပြောင်းဆေးဝါး ဆာလာအိတ်တအိတ်နဲ့အတူ ဖမ်းဆီးခဲ့ပြီး ကွင်းဆက်အနေနဲ့ ထားဝယ်မြို့၊ ဥသာရံတိုးချဲ့ရပ်ကွက်မှာ နေထိုင်တဲ့ သန်းအေးမောင်ကို ကျပ် ၁၈ သိန်းတန်ဖိုးရှိ အက်ဖက်တမင်း ၆၀ ဂရမ်နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မှာတော့ ရေးမြို့မှလာတဲ့ ကားပေါ်တွင် သိန်း ၅၄၀ တန်ဖိုးရှိ အက်ဖက်တမင်း ၆၀ ဂရမ်ထည့်လာတဲ့ ကျောပိုးအိတ်နဲ့အတူ သယ်ဆောင်လာသူ အသက် ၃၀ နှစ်အရွယ် မင်းဇော်ကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သက်သေတွေနဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိသူ ၅ ဦးကို ကလိန်အောင်နယ်မြေရဲစခန်းက မူးယစ်ဆေးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပေဒေနဲ့ အမှုဖွင့်အရေးယူထား ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း တနင်္သာရီတိုင်းတွင် ကျပ်သိန်း ၁၀၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဆက်စပ်သူတွေ ဖမ်းဆီးအရေးယူထားတယ်လို့ CCDAC myanmar က ထုတ်ပြန်ထားပါတယ်။