အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ချူရချမ်ပူရ်ခရိုင် နယူးလန်ကားမြို့မှာ စစ်ဘေးတိမ်းရှောင်ရင်း ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက မဏိပူရ်ပြည်နယ်ရဲတွေက စစ်ဘေးရှာင်တွေ အလုပ်လုပ်နေတဲ့ ရက်ကန်းရုံမှာ ဝင်ဖမ်းသွားတာဖြစ်ပြီး အိန္ဒိယရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုကြောင့် စစ်ဘေးရှောင်အများစု တိမ်းရှောင်နေကြရတယ်လို့ မဏိပူရ်ပြည်မှာနေတဲ့ လူငယ်တဦးက ပြောပါတယ်။
ဖမ်းခံရသူအများစုဟာ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နဲ့ ကလေးမြို့ဘက်ကနေ ဒေသတွင်း တိုက်ပွဲတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မဏိပူရ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ကာ ရက်ကန်းခတ် အသက်မွေးဝမ်းကျောင်းရှာဖွေနေကြတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို မဏိပူပြည်နယ်ရဲတပ်ဖွဲ့က နိုင်ငံခြားသားအက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မဏိပူရ်ပြည်နယ် နယူးလန်ကားမြို့နယ်မှာ မြန်မာနိုင်ငံက ရက်ကန်းသမား ရာဂဏန်းလောက်ရှိကြပြီး ပြီးခဲ့တဲ့နှစ် ဇွန် ၂၈ ရက်ကလည်း မဏိပူရ်ပြည်နယ်အစိုးရက ရက်ကန်းရက်သူ ၈၀ ကျော်ကို ဖမ်းဆီးခဲ့ပါသေးတယ်။
စစ်ဘေးရှောင်တွေရဲ့ ပြောပြချက်အရ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ဘေးရှောင် ၁၅၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကလည်း မိုးရေးမြို့နယ် လန်းချန်းကျေးရွာနဲ့ နီးယူ ဆလ်ဘုန်းကျေးရွာမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင် အမျိုးသား အယောက် ၈၀ ကျော်ကို မဏိပူရ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။