စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်မှာ ဖေဖော်ဝါရီ ၅ ရက်က ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က ရွှေပြည်အေးမြို့အဝင်မှာ စစ်ဆေးတာပြုလုပ်နေတယ်။ ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားတယ်။ သူတို့ ၄ ဦးထဲက တဦးကို ပစ်သတ်လိုက်တယ်။ အခုဖမ်းဆီးခံရတဲ့ ၄ ဦးက သာမန်အရပ်သားတွေ။ သူတို့ ရွှေပြည်အေးမြို့သစ်မှာ နေထိုင်တာကြာပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ PDF တွေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပါတယ်။
ဒီနောက်စစ်ကောင်စီက မြို့ကို ပြန်သိမ်းနိုင်ဖို့ ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းကနေ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်မှာတော့ စစ်ကောင်စီက ရွှေပြည်အေးမှာ အထိုင်ချပြီး ထိုးစစ်ဆင်နေပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနေ့ မနက် ၁၁ နာရီမှာလည်း ရွှေပြည်အေးမြို့သစ်မှာ ဆိုင်ကယ်စီး သွားလာနေသူတဦးကို စစ်ဆေးဖို့ ဆိုင်ကယ်ရပ်ခိုင်းရာ ရပ်မပေးတဲ့အတွက် ပစ်သတ်ခဲ့ပြီး သေဆုံးသူဟာ PDF တဦးဖြစ်သလို ပစ္စတိုသေနတ်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဝါဒဖြန့်စာမျက်နှာကနေ ထုတ်ပြန်ခဲ့ပါတယ်။