ကရင်ပြည်နယ်၊ သံတောင်မြို့မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တောင်ငူခရိုင် သံတောင်မြို့နယ် တာဝန်ရှိသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်ညနေ ၃ နာရီလောက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။
“ရှို့တာက စကစ တပ်က ရှို့တာ။ မီးလောင်သွားတာက ကေအန်ယူသံတောင်မြို့နယ် မြို့နယ်မှူးအိမ်နဲ့၊ တပ်မတော်(ကေအန်ယူအရာရှိ) အိမ် ၂ အိမ် အပါအဝင် ဒေသခံအိမ် ၈ လုံး မီးလောင်ပျက်စီးသွာတယ်။”
အဆိုပါ မီးရှို့မှုမတိုင်ခင် ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်းကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကားကို ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကား ၃ စီးပျက်ပြီး စစ်ကောင်စီတပ်သား ၃၀ လောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။
သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မြို့ထဲကို ဆက်တိုက်ပစ်ခတ်လို့ မြို့နေလူထုတွေ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတယောက် ထိမှန်ခဲ့သလို လူနေအိမ် ၈ လုံးနဲ့ ခရစ်ယာန်ဘုရားကျောင်း ထိမှန်ပျက်စီးခဲ့တဲ့အတွက် မြို့ခံပြည်သူတွေဟာ ဥယျာဉ်ခြံ၊ သံတောင်နဲ့ နီးစပ်ရာပျား စခန်း၊ ရွာကြီး၊ ကျောက်တိုင်၊ အန္တရာယ်ကွေ့၊ သူဌေးကုန်း၊ ချောင်းနှစ်ခွ စတဲ့ကျေးရွာတွေအပြင် သံတောင်ကြီး၊ တောင်ငူမြို့ စတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတချို့လည်း ဒီကနေ့ အထိ အိမ်မပြန်နိုင်သေးဘဲ နေထိုင်စားသောက်ရေး အခက်အခဲကြုံနေရပါတယ်။