တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဖေဖော်ဝါရီ ၃ ရက်မနက်အစောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ဒေသခံ ၁၁ ဦးလွတ်မြောက်လာပြီး အဲဒီနေ့ညပိုင်းမှာပဲ ဒေသခံအမျိုးသမီး ၂ ဦး ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။
အဖမ်းခံရသူ အမျိုးသမီး ၂ ဦးဟာ ကံပေါက်ကျေးရွာ လှည်းကုန်း ၁ ရပ်ကွက်မှာ နေထိုင်သူ မမူယာစိုးနဲ့ မမီးသက်တို့ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ကံပေါက်ကျေးရွာ ရပ်ကွက် ၅ ခုမှ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးကတော့ ဆယ်ရက်လောက် စစ်ဆေးခံရပြီး ပြန်လွတ်လာခဲ့ပါတယ်။
ကံပေါက်ဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခံရပြီးနောက် ဒေသခံတွေ ဆက်တိုက်ဆိုသလို အဖမ်းခံနေရတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့အထိ မောရဝတီရေတပ်မှာ ဖမ်းဆီးစစ်ဆေးခံနေရဆဲ ဒေသခံ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၄ ဦး ရှိနေပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်စိုးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကာ မောရဝတီရေတပ် ဆေးရုံမှာ တပတ်ကျော်ကြာဆေးကုခဲ့ရပြီးနောက် ဖမ်းဆီးမှုတွေ ဆက်ရှိနေတာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၃ ဦး ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာမျိုးမတွေ့ရသေးပါဘူး။