ရခိုင်ပြည်နယ်ကို ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါဟာ မြောက်ဦးမြို့ရှိ စစ်ရှောင်စခန်းတွေအပြင် ရက္ခိုင်တပ်တော်(အေအေ)ရဲ့ နိုင်ငံရေးမှူးတွေနဲ့ပါတွေ့ဆုံခဲ့တယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။
မြောက်ဦးဒေသခံ တဦးက "ပထမဆုံး တိမ်ညိုစစ်ဘေးရှောင်စခန်းကို ဝင်တယ်။ စစ်ဘေးရှောင် တွေအတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ စောင်တွေကို ပေးတယ်။ နောက်သူနဲ့ ချိန်းထားတဲ့ ရက္ခိုင်တပ်တော်ဘက်က နိုင်ငံရေးမှူးနဲ့ အရာရှိတချိုနဲ့ သွားတွေ့ကြတယ်။ ဘာတွေ ဆွေးနွေးခဲ့သလဲတော့ မသိဘူး။ ၁၅ မိနှစ်လောက်ဆွေးနွေးခဲ့ကြတယ်။ ကျနော်တို့ ဝင်လိုမရဘူး"လို့ ပြောပါတယ်။
မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ နိုဝင်ဘာ ၂၆ ရက်ကစပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်ထားတာလည်း ဖြစ်ပါတယ်။
မစ္စတာဆာဆာကာဝါဟာ တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် ၂၈၀၀ ကျော်ကို တဦးလျှင် တထည်ကျစီ လှူဒါန်းခဲ့ပြီး ပီပင်ပင်ရင်းစခန်းနဲ့ မြောက်ဦးမြို့ပေါ်က စခန်းတချို့ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တဦးက "မြောက်ဦးမှ ညအိပ်မယ်လို့တော သိရတယ်။ မြောက်ဦးက ရှေ့ဟောင်းအမွေအနှစ်တွေကိုလည်း သွားရောက်လေ့လာမယ်လို့သိရတယ်" ဆိုပါတယ်။
မစ္စတာ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်ကို တတိယအကြိမ် တစ်ညအိပ်ရောက်ရှိလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်မှာ စစ်တွေကနေတဆင့် ရန်ကုန်ကို ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။